ထားဝယ် ဩဂုတ် ၂၉
တနင်္သာရီတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီအစည်းအဝေး(၃/၂၀၂၄)ကို ယနေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ စီးပွားရေးရာဝန်ကြီးအခန်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက စားသုံး သူကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စားသုံးသူ အသိပညာပေးခြင်းသည်အရေးကြီးသော လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ဒေသတွင်းဆေးဝါးများ၊ လူသုံးကုန်ပစ္စည်းများ၊ ဓာတ်မြေဩဇာများအားအရည်အသွေး မှန်ကန်မှုရှိရန်နှင့် ကုန်သည်လုပ်ငန်းရှင်များအား ဈေးနှုန်းများပိုမိုမြှင့်တင် ရောင်းချမှုမရှိစေရေးအတွက်လည်း သက်ဆိုင်ရာအဖွဲ့များနှင့်ပူးပေါင်း ဆောင်ရွက်ပေးလျက်ရကြောင်း၊ ထို့အပြင် အွန်လိုင်းမှရောင်းဝယ်မှုများအား မှတ်ပုံတင်ရန်၊ အခြားကုန်စည်နှင့်ဝန်ဆောင်မှုများအား စားသုံးသူပြည်သူများနစ်နာမှုမရှိစေရန်နှင့် နစ်နာမှုများရှိပါကလည်း စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ နစ်နာဆုံးရှုံးမှုများမရှိစေရေး ဆောင်ရွက်ပေးလျက်ရှိပြီး ဒေသတွင်းအခြေခံစားသောက်ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေးတို့ကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံတင်ပြဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကော်မတီအဖွဲ့ဝင်များ အနေဖြင့်တိုင်းဒေသကြီးရှိ စားသုံးသူပြည်သူများ နစ်နာမှုမရှိစေရေးအတွက် ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးကြရန် လိုအပ် ကြောင်းပြောကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးဦးက ၂/၂၀၂၄ လုပ်ငန်းဆောင်ရွက်ချက်များအားအတည်ပြုရယူဆောင်ရွက်ပြီး ၃/၂၀၂၄ ဆောင်ရွက်မည့်လုပ်ငန်းများအား အမှာစာများဖြင့် ရှင်းလင်းတင်ပြကာကော်မတီအဖွဲ့ဝင်များက ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးရာ တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)