ဟုမ္မလင်း၌ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေး စစ်ဆေးပေးခြင်း ကွင်းဆင်းဆောင်ရွက်

ဟုမ္မလင်း သြဂုတ် ၂၉

၂၀၂၄-၂၀၂၅ ကျောင်းကျန်းမာရေး စောင့်ရှောက်မှု ရက်သတ္တပတ်အနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေး စစ်ဆေးပေးခြင်း ဆောင်ရွက်ခြင်းကို ဩဂုတ်လ(၂၉)ရက်နေ့တွင် အခြေခံပညာကျောင်းများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုကို အခြေခံပညာကျောင်းများဖြစ်သည့် ဟုမ္မလင်းမြို့ အ.ထ.က(၁) အ.ထ.က(ကက်သာ)၊ စံပြရွာ(အမကခွဲ)နှင့် စွယ်ကြာပေါ်(ကိုယ့်အားကိုယ်ကိုး) ကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေး စစ်ဆေးပေးခြင်း ဆောင်ရွက်ခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့်(၁) ဦးတင်မောင်ဝင်း၊ ဆရာမ ဒေါ်လှလှခင်၊ သွားဆရာဝန် ဒေါက်တာဇာနည်အောင်၊ တာဝန်ကျ ဆရာမများက  ကျောင်းသား၊ ကျောင်းသူများ၏ ခြေသည်း၊ လက်သည်း၊ သွားကျန်းမာရေးနှင့် အထွေထွေကျန်းမာရေးတို့ကို စစ်ဆေးပေးခြင်း၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းစေခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး စသည့်ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)