ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ ဒီဂရီကောလိပ်/သိပ္ပံပေါင်းစုံနှင့် ရပ်ကွက်/ကျေးရွာပေါင်းစုံ အသက်(၂၅) နှစ်အောက် အမျိုးသား/အမျိုးသမီး ရေကူးပြိုင်ပွဲဆုချီးမြှင့်

ဘားအံ ဩဂုတ် ၂၉

၂၀၂၄ ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ ဒီဂရီကောလိပ်/သိပ္ပံပေါင်းစုံနှင့် ရပ်ကွက်/ကျေးရွာပေါင်းစုံ အသက်(၂၅) နှစ်အောက် အမျိုးသား/အမျိုးသမီး ရေကူးပြိုင်ပွဲဆုချီးမြှင့်သည့်အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ ဇွဲကပင် ရေကူးကန်၌ ကျင်းပခဲ့သည်။

ဦးစွာ အမျိုးသား/အမျိုးသမီး မီတာ(၅၀) ပတ်လက်ကူးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် အမျိုးသား/အမျိုးသမီးမီတာ (၅၀)အလွတ်ကူးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ များ၊ ရေကူးအားကစားဝါသနာရှင်များ ကြည့်ရှု အားပေးခဲ့ကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့က အမျိုးသမီး မီတာ(၅၀)၊ မီတာ(၁၀၀)အလွတ်ကူး၊ ပတ်လက်ကူးနှင့် မီတာ(၅၀x၄)လွန်းပျံအလွတ်ကူးပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား တစ်ဦးချင်းလည်ဆွဲဆုနှင့် ငွေသားဆုများကိုလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက အမျိုးသားမီတာ(၅၀)၊ မီတာ(၁၀၀)အလွတ်ကူး၊ ပတ်လက်ကူးနှင့် မီတာ(၅၀x၄)လွန်းပျံအလွတ်ကူးပြိုင်ပွဲတို့တွင် ဆုရရှိကြသူများအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသား ဆုများကိုလည်းကောင်း ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အမျိုးသား/အမျိုးသမီး စုပေါင်း တံခွန်စိုက်ဆုရရှိသော တရုတ်လှစံပြကျေးရွာရေကူးအသင်းအား ငွေသားဆုနှင့်တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ဩဂုတ်လ ၂၉ ရက်နေ့ နေ့လယ်ပိုင်းက ဘားအံမြို့၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ဘားအံ)ရှိ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများနှင့်အတူတွေ့ဆုံ၍ အထူးနေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က နောင်တစ်ချိန်တွင် အလယ်အလတ်အဆင့်စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရှင်များအဖြစ်မှ ကြိုးစားအားထုတ်မှု အပေါ်မူတည်၍ ပြည်နယ်အတွက်၊ နိုင်ငံတော်အတွက် အားကိုးအားထားပြုရမည့် စိုက်ပျိုးမွေးမြူရေးပညာရှင်များဖြစ်လာကြမည့် ကျောင်းသား၊ ကျောင်းသူများအပေါ် တန်ဖိုးထားအသိအမှတ်ပြုသောအားဖြင့် ယခုကဲ့သို့ အထူးနေ့လယ်စာကို အတူတကွလာရောက်သုံးဆောင်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် အထူးနေ့လယ်စာအတွက် ငွေကျပ် ၉၇၃၅၀၀ ကျပ်ကို ကျောင်းအုပ်ဆရာမကြီးထံ ထောက်ပံပေးခဲ့ပြီး နေ့လယ်စာအဖြစ် တည်ခင်းထားသည့် ထမင်းနှင့် ဟင်းလျာများကို ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများနှင့်အတူ သုံးဆောင်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ၏ နေ့လယ်စာသုံးဆောင်နေမှုအား လှည့်လည်ကြည့်ရှု၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)