ကန်ကြီးထောင့် ဩဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြား ရေးမှူးရုံးမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယနေ့နေ့လယ် ၁ နာရီအချိန်ခန့်က ဝါးဒူးကျေးရွာအုပ်စု၊ အနောက်စုကြီးခေတ်မီစံပြကျေးရွာရှိ ကရင်စာပေနှင့်ယဉ်ကျေးမှုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး၊ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသူရဖြိုးက ၂၀၂၅ ခုနှစ်အတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်း ပတ်၀န်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော ကျေးရွာ (စံပြကျေးရွာ) ဆုဝင်ရောက်ယှဥ်ပြိုင်ထားသည့်ကျေးရွာများအနက် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ အနောက်စုကြီးကျေးရွာရှိ ရွာသူရွာသားများအား မိမိတို့ကျေးရွာအားစံပြကျေးရွာဖြစ်စေရေးအတွက် စံပြကျေးရွာတွင်ရှိရမည့် သတ်မှတ်စံချိန်စံညွှန်းများအကြောင်း သိမှတ်ဖွယ်ရာများနှင့် ကျေးရွာသန့်ရှင်း သာယာလှပစေရေးအတွက် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုအကြောင်း သိကောင်းစရာများအား ရှင်းလင်းပြောကြားခဲ့ရာ အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ ရွာသူရွာသားများ၊ကျောင်းသားကျောင်းသူများ စုစုပေါင်း တက်ရောက်သူဦးရေ (၇၁) ဦး တက်ရောက်ခဲ့ကြသည်။
ထို့နောက် အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ရွာသူရွာသားများ၊ ကျောင်းသားကျောင်းသူများအား အမှိုက်ပုံးများလှူဒါန်းခြင်း၊ မုန့်နှင့်အချိုရည်များပေးဝေခြင်းနှင့် ပလတ်စ တစ်ညစ်ညမ်းမှုအကြောင်း သိကောင်းစရာခေါင်းစဥ်ဖြင့် အသိပညာပေးလက်ကမ်းစာစောင် (၅၀) အား လက်ဝယ်အရောက်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)