ဒေးဒရဲ သြဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများ အထွက်နှုန်း တိုးထွက်စေရေးနှင့် ကြဲခင်းစနစ်ပပျောက်စေရေး၊ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲဆောင်ရွက် နိုင်စေရေး ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးရာသီကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ဒေးဒရဲမြို့နယ်၊ ချောင်းဖျားကျေးရွာ၊ တောင်သူ ဦးထွန်းမြင့်အောင်၏ ကွင်းအမှတ် (၂၅၂)၊ ဦးပိုင်အမှတ် (၂၀/၂) စိုက်ပျိုးလယ်မြေ (၁၁)ဧကတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစိုက်ပျိုးပွဲ အခမ်းအနားသို့ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းနှင့် ခရိုင်စိုက်တိုးမြင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြင့်အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းက ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံတောင်သူများက ၂၀၂၄-၂၀၂၅ ခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် KUBOTA ကောက်စိုက်စက် (၆-တန်းသွား)ဖြင့် စပါးစိုက်ပျိုးခြင်းအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ ထို့နောက် ဖျာပုံခရိုင် စိုက်တိုးမြင့်အဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းက ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်းနှင့် ပတ်သက်၍ သိရှိလိုသည့် မေးမြန်းချက်များကို တာဝန်ရှိသူများက ရှင်းလင်းပြသပေးခဲ့ပြီး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကြောင့် လုပ်အားခသက်သာခြင်း၊ မျိုးစေ့ကုန်ကျမှု နည်းပါးခြင်း၊ ပျိုးထောင်ဧရိယာ အနည်းငယ်သာ လိုအပ်ခြင်း၊ ပျိုးပင်များ ပြုပြင်ထိန်းသိမ်းမှု လွယ်ကူ စိတ်ချရခြင်း၊ ပျိုးပင်များ နှုတ်ယူရန်မလိုခြင်း၊ သန်မာ၍ ရောဂါကင်းသော ပျိုးပင်များရရှိခြင်း၊ ကောက်စိုက်ရာတွင် လူအင်အား အသုံးပြုမှုနည်းပါးခြင်းနှင့် သက်တောင့် သက်သာ စိုက်ပျိုးနိုင်ခြင်း၊ လုပ်ငန်းတွင်ကျယ်၍ ပြီးစီးမှုပိုမြန်ခြင်း၊ လေဝင်လေထွက်ကောင်းခြင်း၊ အောက်ပင်လှန်ရန် စောင့်ဆိုင်းရန်မလိုခြင်း၊ ပျိုးပင်ပွားမှုနှုန်းကောင်းပြီး စပါးအထွက်နှုန်း ကောင်းစေခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသည့် စပါးခင်းအား ရိတ်စက်၊ ရိတ်သိမ်း ခြွေလှေ့စက်များဖြင့် အလွယ်တကူ ရိတ်သိမ်းနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရှင်လင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အေဇာလင်း