ကန်ကြီးထောင့်မြို့နယ်၌ (၂၀၂၄) ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး ကျောင်းများနှင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ကန်ကြီးထောင့် ဩဂုတ် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် (၂၀၂၄) ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး ကျောင်းများနှင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း (အမျိုးသားခန်းမ) တွင် ယနေ့နံနက် (၁၀)နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားတွင် အ.ထ.က ကန်ကြီးထောင့်ကျောင်းမှ ကျောင်းသား/သူ လေးများက “မြန်မာ့ကျောင်း”တေးသီချင်းဖြင့် သီဆို‌ဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဆရာမကြီး ဒေါ်တင်မေသန်းက ဂုဏ်ပြုပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ကန်ကြီးထောင့်မြို့နယ်အတွင်း (၂၀၂၃-၂၀၂၄) ပညာသင်နှစ်တွင် အောင်ချက် အကောင်းဆုံးရရှိသော အခြေခံပညာအထက်တန်းကျောင်း (၃)ကျောင်းနှင့် အခြေခံပညာအထက်တန်း ကျောင်းခွဲ(၃)ကျောင်းအားလည်းကောင်း၊  (၃)ဘာသာဂုဏ်ထူးရ ကျောင်းသား/သူ(၇)ဦး၊ (၂)ဘာသာ ဂုဏ်ထူးရ ကျောင်းသား/သူ(၃၆)ဦးနှင့် (၁)ဘာသာဂုဏ်ထူးရ ကျောင်းသား/သူ (၅၉)ဦးတို့အား မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်၊ အဖွဲ့ဝင်(၂) ဦးလှမြင့်နှင့် အဖွဲ့ဝင်များ၊ မြိုနယ်ပညာရေးမှူး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ NGO အဖွဲ့အစည်းများမှ ဆုများကို အသီးသီး ပေးအပ်ခဲ့ကြသည်။

ထို့နောက် (အ.ထ.က) ကန်ကြီးထောင့်ကျောင်းမှ ကျောင်းသား/သူလေးများက “ဇာတိမာန်” တေးသီချင်းဖြင့် သီဆို‌ဖျော်ဖြေ၍ အခမ်းအနားအား ပိတ်သိမ်းခဲ့ကြသည်။ ကန်ကြီး‌ထောင့်မြို့နယ်တွင် စာစစ်ဌာန (၉) ခု၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာ‌မေးပွဲ‌ဖြေဆိုသူ (၇၀၁)ဦးရှိရာ ဖြေဆို အောင်မြင်သူ(၄၁၄)ဦးရှိပြီး ရာခိုင်နှုန်းအနေဖြင့် (၅၉.၀၆) ရာခိုင်နှုန်း ဖြေဆိုအောင်မြင်ခဲ့ကြောင်း သိရသည်။

ကျော်ဇင်စိုး(ပြန်/ဆက်)