ဇလွန်မြို့၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားကျင်းပ

ဇလွန် ဩဂုတ် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ အမျိုးသားခန်းမ၌ ယနေ့နံနက် (၉) နာရီ  အချိန်က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ် ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ယခုလို စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပတဲ့အတွက် ကျောင်းသား ကျောင်းသူများက စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲတွေကို ပါဝင်ယှဉ်ပြိုင်တဲ့အတွက် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပခြင်းသည် လွန်စွာအကျိူးရှိပါကြောင်း၊ ကျောင်းသား/သူများ စာပေကို မွေ့လျော်လာစေရန်၊ စာဖတ်သည့်အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန် စာပေနှင့်ထိတွေ့ပြီး ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် များစွာအကျိုးရှိပါကြောင်း၊ ယခုလို စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်များ ကျင်းပပေးခြင်းအားဖြင့် ကျောင်းသား ၊ ကျောင်းသူတွေဟာ ယခင်ကထက် ပိုမိုပြီး စာဖတ်အားများ ကောင်းလာမည်ဟု မျှော်လင့်မိပါကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မှ ရရှိသည့် ကျောင်းသား၊ ကျောင်းသူအချင်းချင်း စည်းလုံးညီညွှတ်ခြင်း၊ တွေ့ဆုံပျော်ရွှင်ခြင်း၊ စာပေများကို ဖတ်ရှုပြီး အပြိုင်အဆိုင် ယှဉ်ပြိုင်နိုင်ခြင်း စသည့် အလေ့အကျင့်ကောင်းတွေကို ရရှိလာမှာဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး အ.ထ.က (၁) ဇလွန် ကျောင်းသား၊ ကျောင်းသူများက "ပညာဘဏ်တိုက် စာကြည့်တိုက်" သီချင်းဖြင့် ကပြဖျော် ဖြေခဲ့သည်။ ဆက်လက်၍ ဆုချီးမြှင်ပွဲ အခမ်းအနားကို ကျင်းပခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းက စာပေဟောပြောပွဲတွင် ပါဝင်ဟောပြောခဲ့ကြသော  စာရေးဆရာများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ပေးအပ်ခဲ့ပြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြင့်သန်းနုက လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ကျပန်းစကားပြော ပြိုင်ပွဲ၊ ပုံပြင် ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ရရှိကြသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်စန္ဒာဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် လဝကဦးစီးမှူး ဦးဖုန်းနိုင်၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးများက အသီးသီးဆုများ ပေးအပ်ချီးမြှင့်ကြပြီး အမက(ကမ်းနား) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “စည်းလုံးချင်းအတွက် သီချင်းတစ်ပုဒ်” သီချင်းဖြင့် ကပြဖျော်ဖြေကြကာ  အဆိုပါပွဲတော်တွင် ဖျော်ဖြေကပြသီဆိုခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးမှပေးအပ်သည့် ဂုဏ်ပြုချီးမြှင့်ငွေများအား တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)