မြိတ်ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၏ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

မြိတ် ဩဂုတ် ၂၉

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်တွင် မြိတ်မြို့ပေါ်ရှိ ဂိုဏ်းပေါင်းစုံ ဘုန်းတော်ကြီးကျောင်း(၉၀)မှ ဝါဆိုသံဃာတော်အပါး(၉၀)အား မြိတ်ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၏ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို စေတီတော် ဗုဒ္ဓသာသနာ့ဗိမာန်တွင် ဩဂုတ်လ(၂၉) ရက် နေ့လယ်(၁)နာရီက ကျင်းပခဲ့သည်။

စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တလာသန လှည်းဘီးပရိယတ္တိစာသင်တိုက် ဆရာတော်နှင့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ပြည့်စုံလင်း၊ မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်‌ဇော်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြပြီး နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ထံမှ ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ကြသည်။

ထိုနောက် ဆရာတော်သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူခဲ့ကြပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များအား တိုင်းမှူး၊ မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တနာရဒ မော်တောင်ပရိယတ္တိ စာသင်တိုက်ဆရာတော်ထံမှ အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ယင်းနောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ကြသည်။ လှူဒါန်းပွဲတွင် ပင့်သံဃာတော် ဆရာတော်ကြီး(၉)ပါးနှင့် မြိတ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းပေါင်း(၈၁)ကျောင်းမှ သံဃာ‌တော်(၈၁)ပါးတို့အတွက် စုစုပေါင်းလှူဒါန်းငွေ (၇၆၄၄၉၀၀/-) (ခုနှစ်ဆယ်ခြောက်သိန်း‌လေးသောင်းလေးထောင်ကိုးရာ)ကျပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)