ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားသို့ တက်ရောက်

လွိုင်ကော် ဩဂုတ် ၂၉

ကယားပြည်နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၅)အ‌ခြေခံပညာအထက်တန်းကျောင်း၊ သဇင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အမှတ်(၅)အ‌ခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား\ကျောင်းသူများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့ သွားကြစို့” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို ပြည်နယ်အတွင်းရှိ ပြည်သူများ၊ ကျောင်းသူ၊ ကျောင်းသားများ ပညာဗဟုသုတပြည့်စုံကြွယ်ဝစေရန်ရည်ရွယ်ပြီး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းသား/ ကျောင်းသူများ အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများ လေ့လာဖတ်ရှုနိုင်ရေးအတွက် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ စာဖတ်ရှိန်မြှင့်တင်မှုနှင့်ပတ်သက်ပြီး မိမိဘဝကို အကျိုးရှိစေမည့် စာပေများကိုသာ ရွေးချယ်ဖတ်ရှုလေ့လာရန် လိုအပ်ပါကြောင်း၊ ဆရာ/ဆရာမများအနေဖြင့်လည်း ကျောင်းသား/ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်များ ပျော်မွေ့စေရန်၊ စာကြည့်တိုက်နှင့်ချစ်ခင်ရင်းနှီး ကျွမ်းဝင်မှုရှိစေရန်အတွက် ဆက်လက်ပြီး လေ့ကျင့်ပျိုးထောင်ပေးကြပြီး မိမိတို့၏ ကျောင်းစာကြည့်တိုက်များကိုလည်း စံ(၅)ရပ်နှင့်ညီညွတ်ပြီး ရှင်သန်ခိုင်မာဖွံ့ဖြိုးတိုးတက်သည့် စာကြည့်တိုက်များဖြစ်အောင် ဆက်လက်ဆောင်ရွက်ပေးကြရန်တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း စာကြည့်တိုက်အတွက် စာအုပ်စာစောင်များနှင့် ပရိဘောဂများကိုလှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာကြီးက လက်ခံရယူခဲ့ပြီး စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပွဲတော် အထိမ်းအမှတ်ကျင်းပပြုလုပ်သော စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီ(ကာတွန်း၊ ပိုစတာ)ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ဆုရရှိကြသည့် ကျောင်းသား/ကျောင်းသူများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ဆုရကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များ၊ ဥာဏစွမ်းရည် ပြိုင်ပွဲများဖြစ်ကြသည့် ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ အရုပ်ဆက်ခြင်းနှင့် စကားပုံဆက်ခြင်းကစားနည်းများတွင် ကျောင်းသား/ ကျောင်းသူများက ပျော်ပျော်ပါးပါး ဝင်ရောက်ယှဉ်ပြိုင်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)