ထားဝယ် ဩဂုတ် ၂၉
၂၀၂၄ ခုနှစ်၊ ဗဟိုအဆင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲတွင် ဆုတံဆိပ်များ ဆွတ်ခူးရရှိသည့် ပြေးခုန်ပစ်အားကစားအဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးအနေဖြင့် ပြေးခုန်ပစ်အားကစားနည်းတွင် မြန်မာ့လက်ရွေးစင်အားကစားသမားများ မွေးထုတ်ပေးနိုင်သော အစဉ်အလာရှိသည့် တိုင်းတစ်ခုဖြစ်ကြောင်း၊ ၂၀၂၃ခုနှစ်တွင် ကျင်းပသောပြည်နယ်နှင့်တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲတွင် ရွှေ(၄)ခု၊ ငွေ(၆)ခု၊ ကြေး(၃)ခုဆွတ်ခူးနိုင်ခဲ့ပြီး ယခုနှစ်တွင် ရွှေ(၅)ခု၊ ငွေ(၆)ခု၊ ကြေး(5)ခုနှင့် အမျိုးသားအသင်းလိုက် ဒုတိယဆု၊ အမျိုးသမီးအသင်းလိုက် စတုတ္ထဆုတို့ကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆုတံဆိပ်များ အကြိမ်ကြိမ်ဆွတ်ခူးနိုင်ခဲ့သော တိုင်းဒေသကြီး အသက်(၁၈)နှစ် ပြေးခုန်ပစ်အသင်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်သော်လည်းကောင်း၊ တိုင်းဒေသကြီးအတွင်းမှာရှိသော ပြည်သူလူထုများ၏ ကိုယ်စားသော်လည်းကောင်း များစွာနှစ်ထောင်းအားရ ချီးကျူးဂုဏ်ပြုပါကြောင်း၊ ဒါ့အပြင် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၌ တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ပြေးခုန်ပစ်ပြိုင်ပွဲတွင်ဆုတံဆိပ်များ ပိုမိုဆွတ်ခူးရရှိနိုင်ရန်အတွက် ယခုအချိန်ကတည်းကစပြီး ပြင်ဆင်လေ့ကျင့်ထားကြရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီး ပြေးခုန်ပစ်အဖွဲ့အနေဖြင့် ရရှိပြီးသော အောင်မြင်မှုများကို အနာဂါတ်သို့တိုင်အောင် ထိန်းသိမ်းသယ်ဆောင်သွားနိုင်ရန်အတွက် မလျော့သောဇွဲ၊ လုံ့လဝီရိယ၊ အားမာန်၊စိတ်ဓါတ်များဖြင့် ဆက်လက်ကြိုးပမ်းအားထုတ်သွားကြရန်၊ တရားသဖြင့် ယှဉ်ပြိုင်နိုင်အောင်ကြိုးပမ်း ယှဉ်ပြိုင်လျှင်နိုင်ရမည်ဆိုသည့် ဆောင်ပုဒ်များကို လက်ကိုင်ထားပြီး တိုင်းဂုဏ်ဆောင် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားသွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က အောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့သည့်အခြေအနေအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမျိုးသားမီတာ(၂၀၀)ပြိုင်ပွဲနှင့် အလျားခုန်ပြိုင်ပွဲတွင် ပထမ(ရွှေ)တံဆိပ်ဆွတ်ခူးရရှိခဲ့သော ပုလောမြို့နယ်မှ မောင်အောင်မင်းမြတ်အား ဂုဏ်ပြုဆုငွေကျပ်(၁၂)သိန်းနှင့် အမျိုးသမီးမီတာ(၁၀၀x၄) လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမ(ရွှေ)တံဆိပ်ဆွတ်ခူးရရှိခဲ့သော တိုင်းဒေသကြီးအမျိုးသမီးအသင်းအား ဂုဏ်ပြုဆုငွေကျပ်(၁၂)သိန်းပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က အမျိုးသမီးမီတာ(၄၀၀) တန်းကျော်ပြိုင်ပွဲတွင်(ရွှေ)တံဆိပ်နှင့် ပထမမီတာ(၁၀၀)တန်းကျော်ပြိုင်ပွဲတွင် ဒုတိယ(ငွေ)တံဆိပ်ဆွတ်ခူးရရှိခဲ့သော ကော့သောင်းမြို့နယ်မှ မညိုညိုဌေးအား ဂုဏ်ပြုဆုငွေကျပ် (၉)သိန်းနှင့် အမျိုးသမီးအမြင့်ခုန်ပြိုင်ပွဲတွင် ပထမ(ရွှေ)တံဆိပ်ဆွတ်ခူးရရှိခဲ့သော ကျွန်းစုမြို့နယ်မှ မကြယ်စင်နှင်းအား ဂုဏ်ပြုဆုငွေကျပ် (၆)သိန်း ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးများနှင့်တာဝန်ရှိသူများက ငွေတံဆိပ်ဆုရရှိသူများအား တစ်ဦးလျှင် ဂုဏ်ပြုဆုငွေကျပ်(၃)သိန်း၊ ကြေးတံဆိပ်ဆုရရှိသူများအား တစ်ဦးလျှင် ဂုဏ်ပြုဆုငွေကျပ်(၁)သိန်းခွဲနှင့် အုပ်ချုပ်/နည်းပြ(၅)ဦးအား တစ်ဦးလျှင် ဂုဏ်ပြုဆုငွေကျပ်(၁)သိန်း ပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီးပြေးခုန်ပစ်ဆပ်ကော်မတီက တိုင်းဒေသကြီးပြေးခုန်ပစ်အားကစားအဖွဲ့အား ဆုငွေကျပ်(၅)သိန်း ပေးအပ်ချီးမြှင့်ကာ ပြေးခုန်ပစ်အသင်းအုပ်ချုပ်သူ ဒေါ်စုစုဝေက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ကျော်ကျော်လတ်