ကန့်ဘလူ ဩဂုတ် ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ထာဝရခန်းမ၌ ကျောင်းသား/ကျောင်းသူများ ဥပဒေအသိပညာ ဗဟုသုတများ ရရှိစေရေးအတွက် ဥပဒေဆိုင်ရာ အခြေခံအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၉ )နာရီခွဲက ကျင်းပသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဦးက ကျောင်းသား/ကျောင်းသူ များအနေဖြင့် ဥပဒေအသိပညာ ဗဟုသုတများ ရရှိစေရန်အတွက် ကျင်းပသည့် ဥပဒေအသိပညာပေး ဟောပြောပွဲဖြစ်ပြီး ပညာရှင်များ၏ ဟောပြောဆွေးနွေးမှုများကို လိုက်နာမှတ်သားကြရန်လိုအပ်ကြောင်း၊ လူတိုင်းအနေဖြင့် ဥပဒေပညာရှင် မဖြစ်နိုင်သော်လည်း ဥပဒေကို သိရှိနားလည်းမှသာ လူမှုဘဝတွင် အသုံးချနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားခဲ့သည်။
ဆက်လက်၍ ခရိုင်တရားသူကြီး ဦးကျော်မင်းအောင်က တရားမမှုများအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ ခရိုင်ဥပဒေအရာရှိ ဦးထက်ဝေလင်းက ရာဇသတ်ကြီးဥပဒေ၊ ကလေးသူငယ်ဥပဒေနှင့် မူးယစ်ဆေးဝါးဥပဒေများအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမျိုးက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ ယာဥ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဥ်စီမံခန့်ခွဲမှု ဥပဒေများတို့ကိုလည်းကောင်း အသိပညာပေး ဆွေးနွေးဟောပြောကြသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် ပညာရေးမှူး၊ အ.ထ.က(၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်မင်းမင်းသန်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ (၂၂၀) တက်ရောက်ခဲ့ကြောင်းနှင့် ကန့်ဘလူ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက လူကုန်ကူးတားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ပြန်/ဆက်)