အထက်မင်းလှ ဩဂုတ် ၂၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ပညာရေးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သည့် ကျောင်းသား၊ ကျောင်းသူများဖြစ်လေ့ရှိသော အမှုများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက မင်းလှအခြေခံပညာအထက်တန်းကျောင်း မင်းလက်ဝါးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးဦးညွန့်ဝင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်တို့က အမှာစကားပြောကြားပြီး မြို့နယ်ဥပဒေရုံးမှမြို့နယ်ဥပဒေအရာရှိ ဦးကျော်ဇင်ထွန်းက ကျောင်းသား၊ ကျောင်းသူများဖြစ်ပွားလေ့ရှိသော အမှုမျာနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး ကလေးသူငယ်ဥပဒေဆိုင်ရာအကြောင်းအရာများ၊ ပြစ်မှုပြစ်ဒဏ်များအား ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက် မင်းလှအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သန်းဌေးက ကျောင်းသား၊ ကျောင်းသူများဖြစ်လေ့ရှိသော အမှုများအား ဖြစ်ပွားမှုမရှိစေရေး လိုက်နာဆောင်ရွက်ရမည့် အချက်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ယင်းနောက် အသိပညာပေးဟောပြောပွဲတက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြရာ မြို့နယ်ဥပဒေအရာရှိက ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)