ဆင်ပေါင်ဝဲ ဩဂုတ် ၂၉
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ ဆေးရုံများတွင် ပြည်သူများ အသုံးပြုမှု ပိုမိုအားကောင်းလာပြီး ဆေးရုံများမှ ဆောင်ရွက်ပေးသော ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများအား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ဆေးရုံမိသားစုနေ့ (Hospital Family Day) အခမ်းအနားကို ယနေ့ နံနက် ၈ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုးသိမ်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီက ဆေးရုံမှဆောင်ရွက်ပေးနေသည့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ ဆေးဝါးကုသပေးမှုအခြေအနေများ၊ ကျန်းမာရေးလုပ်ငန်းများ စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး မျိုးဇော်ဟိန်းက ကျေးဇူးတင်စကားပြောကြားပြီး မြို့နယ်ကုသရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများက တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ ဆေးရုံကုသဆောင်များတွင် ဆေးရုံတက်ရောက်နေသော လူနာများအား ဆေးပစ္စည်းများနှင့် အာဟာရဒါနစားသောက်ဖွယ်ရာများ ထောက်ပံ့ပေးပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)