ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်) ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

ပုသိမ် ဩဂုတ် ၂၉

(၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်) ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) ၌ ပြုလုပ်ခဲ့ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေး နာယကတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေး နာယကတိုင်းဒေသကြီးဝန်ကြီးချုပ်က” (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပြီးစီးပြီဖြစ်ရာ တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲကို စက်တင်ဘာလပထမပတ်အတွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ယခင်နှစ်များကပါဝင်ယှဉ်ပြိုင်ခြင်းမရှိသည့် ဘာသာရပ်များတွင် ပါဝင်ယှဉ်ပြိုင်လာနိုင်သည်ကိုတွေ့ရသဖြင့် ကြိုးစားအားထုတ်ယှဉ်ပြိုင်မှုများအပေါ် အသိအမှတ်ပြုပါကြောင်း၊ တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် လုပ်ငန်းကော်မတီများက မိမိတို့တာဝန်ယူထားသည့်ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြရန်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်များထားရှိမည့်နေရာများကိုလည်း သန့်ရှင်းရေးများ ကြိုတင်ဆောက်ရွက်စေခဲ့ပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးပြိုင်ပွဲကျင်းပပြီးစီးသည်နှင့် ဗဟိုအဆင့် ပြိုင်ပွဲဝင်ရန် စခန်းသွင်းလေ့ကျင့်သွားမည်ဖြစ်ပါကြောင်း၊ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အဆင့်မီမီပါဝင်ယှဉ်ပြိုင်နိုင်ရေး ကြိုးစားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း” အမှာစကားများပြောကြားသည်။

ထို့နောက် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၊ တွဲဖက်အတွင်းရေးမှူးက ပြိုင်ပွဲသို့လာရောက်မည့် ခရိုင်အလိုက်အင်အားစာရင်း၊ ပြိုင်ပွဲဝင်မည့်အမျိုးစားစာရင်း၊ ပြိုင်ပွဲကျင်းပမည့်နေရာများကို ရှင်းလင်းတင်ပြခဲ့ပြခဲ့သည်။ ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာသည့် လုပ်ငန်းကော်မတီများ၏ ကော်မတီများအလိုက် ဆောင်ရွက်မည့်အစီအမံများနှင့် အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တိုင်းဒေသကြီးအဆင့် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)