ဟားခါး သြဂုတ် ၂၉
ချင်းပြည်နယ်အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ကွပ်ကဲမှုအောက်ရှိဌာနဆိုင်ရာများ၏ ပထမ( ၃ )လပတ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ကွပ်ကဲမှုအောက်ရှိ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အစည်းအဝေးသို့တက်ရောက်လာကြသည့် သယံဇာတရေးရာဝန်ကြီး ကွပ်ကဲမှုအောက်ရှိ ဌာနများအနေဖြင့် ပထမ(၃)လပတ်အတွင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ရှင်းလင်းတင်ပြရမည်ဖြစ်ပြီး ထိုသို့ရှင်းလင်းတင်ပြရာတွင် မိမိတို့ ဌာနကိုအခြေခံ၍ တင်ပြရမည်ဖြစ်သကဲ့သို့ သတ်မှတ်ပုံစံအတိုင်း တင်ပြရမည်ဖြစ်ကြောင်း၊ လုပ်ငန်း တစ်ခုဆောင်ရွက်ရာတွင် ထိရောက်မှုရှိသော လုပ်ငန်းဖြစ်ရေးသည် အဓိကဖြစ်ပါကြောင်း၊ သို့ဖြစ်၍ လုပ်ငန်းများဆောင်ရွက်ရာတွင် ငွေ၊ အချိန်၊ ကြိုးပမ်းအားထုတ်မှု စသည်တို့ကို ရင်းနှီးမြှပ်နှံထားသလောက် ထိရောက်မှုရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ထိရောက်မှု ရှိ၊ မရှိ သရှိစေ နိုင်မည့် သိလိုချက်များကို ကြိုတင်သတ်မှတ်ထားရမည်ဖြစ်ကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်းက ပြည်နယ်သယံဇာတရေးရာ ဝန်ကြီးအောက်ရှိ ဌာနများ၏ပထမ(၃)လပတ်အတွင် လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေကို ရှင်းလင်းတင်ပြပြီးနောက် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ပြည်နယ်သစ်တောဦးစီးဌာန၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ဟားခါး)၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သတ္တုတွင်းဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်းနှင့် မြန်မာ့ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနစသည့် ဦးစီးဌာန( ၈ )ဌာနမှ ပြည်နယ်ဦးစီးမှူးများက ပထမ ( ၃ )လပတ်အတွင်း မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်တင်ပြလိုသည့်အချက်များကို Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင့်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအောင်ချိုတို့က လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက် )