ပေါင်းတည် သြဂုတ်၂၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ဘိုးသာအောင်ကုန်း ကျေးရွာအုပ်စုရှိ ကွင်းအမှတ် ၁၁၂၆ စီတွင် အစေ့ချကိရိယာ (Drum Seeder )ဖြင့် စိုက်ပျိုးထားသော ရတနာတိုး စပါးစိုက်ခင်းများကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းကြည့်ရှုကြသည်။
မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှု၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ပံ့ပိုးဖြည့်ဆည်းပေးမှုနှင့်အတူ တောင်သူများ၏ ပူးပေါင်းပါဝင်မှုတို့ကြောင့် အစေ့ချကိရိယာ (DrumSeeder)ဖြင့် မိုးစပါးများစိုက်ပျိုးလာကြရာ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ် သိသိသာသာ သက်သာခဲ့၍ တောင်သူများ နှစ်ခြိုက်လျက်ရှိသည်ဟု ဒေသခံတောင်သူတစ်ဦးထံမှ ကြားသိရသည်။
လယ်လုပ်သားအနည်းငယ်ဖြင့် အချိန်တိုအတွင်း လယ်ဧကများစွာကို စိုက်ပျိုးနိုင်သည့် ထိုအစေ့ချကိရိယာ Drum Seeder သည် ပြည်တွင်းဖြစ် လယ်လုပ်ကိရိယာဖြစ်၍ နိုင်ငံခြားငွေကုန်ကျမှုမရှိသည့်အပြင် အတန်းလိုက် စိပ်စိပ်အစေ့ချစိုက်ပျိုးစနစ်ဖြစ်သောကြောင့် တစ်ဧက အထွက်နှုန်းကောင်းစေကြောင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ယခုအခါ ထို စပါးပင်များသည် သက်တမ်းရက် ၈၀ ရှိနေပြီး ဖြစ်ထွန်းအောင်မြင်လျက်ရှိကာ တောင်သူများသည် စပါးစိုက်ခင်းများအတွင်း ဆင်း၍မြေသြဇာကျွေးခြင်း၊ ပေါင်းမြက်ရှင်းခြင်းစသည့် လယ်လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေသား (ပြန်/ဆက်)