ကန်ကြီးထောင့်မြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်း(ဒါးက)၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ကန်ကြီးထောင့် ဩဂုတ် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူများ ဗလငါးတန် တိုးပွားစေ၍ အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့ နေ့လယ် ၁ နာရီ အချိန်ခန့်က ဒါးကကျေးရွာအုပ်စု၊ (ဒါးက) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်တင်မေသန်းက ကျောင်းသား/သူများအား စာပေလေ့လာကာ ပိုမိုကြိုးစားကြစေရေးနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ အသိပညာများ တိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲရှိတတ်စေရန်၊ ကိုယ်ရည်ကိုယ်သွေး မြင့်မားလာစေရန်၊ လူငယ်အချင်းချင်း ရင်းနှီးချစ်ခင်မှုများ တိုးပွားလာစေရန်နှင့် စာဖတ်ရှိန်မြင့်တင်ရေးအတွက် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ကန်ကြီးထောင့်မြို့မရဲစခန်းမှူး  ဒုရဲမှူး ကျော်ကျော်လွင်က ကျောင်းသား/သူများအား မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး စကားဝိုင်းဆွေးနွေးပွဲအား စတင်ကျင်းပခဲ့ရာ အထက်တန်းပြဆရာမ ဒေါ်မြင့်မြင့်စိုးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့ပြီး Grade-10 မှ မောင်အောင်လင်းထွဋ်က လူငယ်နှင့် စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မှ မောင်ပြည့်ဖြိုးအောင်က လူငယ်နှင့် မိုဘိုင်းဖုန်း သုံးစွဲမှုခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မှ မသူဇာသင်းက လူငယ်နှင့် ဇာတိမာန်ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-11 မှ မဆုသဇင်ကိုက အချိန်၏ တန်ဖိုးခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြရာ ရပ်မိ၊ ရပ်ဖ ဦးခင်‌ဇော်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။

ထို့‌နောက်  အခြေခံပညာအထက်တန်းကျောင်း (ဒါးက) ကျောင်းအုပ်ဆရာကြီး ဦးထွန်းလှအောင်က စကားဝိုင်းကျင်းပခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး  အဆိုပါစကားဝိုင်ဆွေးနွေးပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်မိခင်နှင့်က‌လေး စောင့်ရှောက်ရေး၊ အမျိုးသမီးရေးရာအဖွဲ့၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ အ.ထ.က(ဒါးက)ကျောင်းရှိ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများက တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်ဇင်စိုး(ပြန်/ဆက်)