ကျွန်းလှ ဩဂုတ် ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံများ အထွက်နှုန်းတိုးတက်စေရန်အတွက် နည်းပညာပေး သင်တန်းဖွင့်လှစ်ခြင်းနှင့် ယူရီးယားဓာတ်မြေဩဇာများ ဈေးသက်သာစွာ ဖြန့်ဖြူးရောင်းချခြင်းကို ယနေ့နံနက် (၉) နာရီခွဲက ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးက တောင်သူများ မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းလေးသွယ် အသုံးပြုစိုက်ပျိုးကြရန်လိုကြောင်း အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက နည်းပညာပေး သင်တန်းဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးပညာရှင်များက ဆီထွက်သီးနှံများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်ရေးအတွက် စိုက်ပျိုးရေးဆိုင်ရာများ ဆွေးနွေးပို့ချပြီး မြို့ပေါ်လေးရပ်ကွက်နှင့် ကျေးရွာ (၁၀) ရွာတို့မှ မိုးစပါးစိုက် တောင်သူများအား ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ကြံ၊ စားဖိုဆောင်သီးနှံ၊ အခြားသီးနှံနှင့် နှစ်ရှည်ပင် စသည့်သီးနှံစုံ (၇၆၈၅၈) ဧက စိုက်ပျိုးရန် လျာထားပြီး လက်ရှိအချိန်ထိ (၇၂၇၉၇) ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို(ပြန်/ဆက်)