မုံရွာ ဩဂုတ် ၂၉
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မုံရွာမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တက်ရောက်လာကြသည့် ဧည့်ပရိသတ် များအား အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက အလှကမ္ဘာမြေသီချင်းဖြင့် အဖွဲ့လိုက် သီဆိုဖျော်ဖြေ ကြိုဆိုခဲ့ကြသည်။
ဆက်လက်၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် မုခ်ဦးအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အမှတ်တရ စုပေါင်းမှတ် တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီးနောက် အမှတ် (၁၅၉) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက မြန်မာ့ရိုးရာသိုင်းဖြင့် သရုပ်ပြဖျော်ဖြေတင်ဆက်ခဲ့ကြ သည်။
ဆက်လက်ပြီး အခမ်းအနား(ဒုတိယပိုင်း)ကို အဆိုပါကျောင်းရှိ သလ္လာဝတီခန်းမတွင် ကျင်းပပြုလုပ်ရာ ကျောင်းစာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေး စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား/ကျောင်းသူများမှ ပညာဘဏ်တိုက် စာကြည့်တိုက်သို့ သွားကြစို့ သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးကြပြီးနောက် သုတဝေဖြာ မျှဝေရာ ပညာဘဏ်တိုက် စာကြည့်တိုက် Video Clip အား တင်ဆက်ပြသပေးခဲ့သည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီးနောက် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရအတွက် အခြေခံပညာအလယ်တန်းကျောင်းခွဲ (၁၀) ကျောင်းမှ ကျောင်းစာကြည့်တိုက်များအတွက် တစ်တိုက်လျှင် ငွေကျပ် (၅) သိန်းနှုန်းဖြင့် ငွေကျပ် သိန်း(၅၀)တန်ဖိုးရှိ စာအုပ်စာစောင်များကိုလည်းကောင်း၊ မုံရွာမြို့နယ် တောပုကျေးရွာစာကြည့်တိုက် ဆောက်လုပ်နိုင်ရေးအတွက် ငွေကျပ် သိန်း (၁၅၀)နှင့် ကျေးရွာစာကြည့်တိုက် (၅၆) တိုက်အတွက် စာအုပ်စာစောင် (၁၁၂၀) အုပ်ကိုလည်းကောင်း သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် အချိန်၏တန်ဖိုးသီချင်းဖြင့် မုံရွာပညာရေးဒီဂရီကောလိပ်ကလည်းကောင်း၊ ဆံရစ်ဝိုင်းသီချင်းဖြင့် အ.ထ.က(၂) ကျောင်းသား/ကျောင်းသူများကလည်းကောင်း၊ အလှပန်းများ ပွင့်ကြပြီ သီချင်းဖြင့် အ.ထ.က(၁) အလုံမှ ကျောင်းသား/ကျောင်းသူများက အသီးသီး ကပြသီဆို ဖျော်ဖြေမှုတို့အား ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီး ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဉာဏပြိုင်ပွဲများဖြစ်သော ကျပန်းစကားပြော၊ စာစီစာကုံး၊ ပန်းချီ၊ ဆေးရောင်ခြယ်၊ ပုံပြောနှင့် ကဗျာရွတ် ပြိုင်ပွဲများတွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ပြိုင်ပွဲအသီးသီးတို့၌ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများက လက်ခတ်သံသီချင်းဖြင့် အ.ထ.က(၂)၊ အလုံကလည်းကောင်း၊ ထိန်းသိမ်းစို့လေ စာပေအမွေသီချင်းဖြင့် အ.ထ.က(၂) ကျောင်းသား/ကျောင်းသူများကလည်းကောင်း အသီးသီး ကပြသီဆို ဖျော်ဖြေမှုတို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က ကြည့်ရှုအားပေးခဲ့ပြီးနောက် ဘင်ခရာ၊ ပန်းဖွားနှင့် ဖျော်ဖြေရေးအဖွဲ့များအား ဆုများပေးအပ်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်အတွင်း ဌာနဆိုင်များက ပြသထားရှိသည့် ပြပွဲများ၊ အားကစားပြိုင်ပွဲများ ကျင်းပနေမှုများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပြီး အားကစားပြိင်ပွဲများတွင် ဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီး ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီးနောက် တက်ရောက်လာကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူလေးများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးခဲ့ကြသည်။
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်တွင် မုံရွာမြို့ အခြေခံပညာကျောင်းများမှ ဖျော်ဖြေရေး အစီအစဉ် ( ၁၆ ) ခု ပါဝင်ဖျော်ဖြေခဲ့ကြပြီး လူငယ်များ ဗလငါးတန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် စာဖတ်ဝိုင်းနှင့် ကလေး စာဖတ်ခန်းတို့အပါအဝင် ဉာဏဖွံ့ဖြိုးတိုးတက်ရေးပြိုင်ပွဲ အမျိုးအစား(၇)မျိုး၊ ကာယဖွံ့ဖြိုးတိုးတက်ရေးပြိုင်ပွဲ အမျိုးအစား (၉)မျိုး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ဓာတ်ပုံပြပွဲ၊ စာအုပ်အရောင်းဆိုင်များနှင့် ဝန်ကြီးဌာနများအလိုက် သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ ၁၅ ခုတို့မှ ပြခန်းပေါင်း ၁၅ ခန်းကိုလည်း ဖွင့်လှစ်ပြသပေးခဲ့ရာ စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၄၀၀၀)ဦးကျော် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)