ရွှေတောင်မြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးလှုပ်ရှားမှုများနှင့် Mpox(မျောက်ကျောက်)ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရွှေတောင် ဩဂုတ် ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်မျိုးသန့်၏ လမ်းညွှန်မှုဖြင့် ကျောင်းကျန်းမာရေးလှုပ်ရှားမှုများနှင့် အိမ်နီးချင်းနိုင်ငံများတွင် ဖြစ်ပွားလျက်ရှိသော Mpox(မျောက်ကျောက်)ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း၊ ရတနာခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ရွှေတောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လက်ထောက်ဆရာဝန် ဒေါက်တာထက်ကျော်လင်းမှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ Mpox(မျောက်ကျောက်)ရောဂါနှင့်ပတ်သက်၍ အရေး‌ပေါ်အခြေအနေထုတ်ပြန်ချက်၊ ရောဂါလက္ခဏာများ၊ ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ ရောဂါပျိုးရက်များ၊ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများအကြောင်း၊ ရောဂါဖြစ်ပွားပြီး နောက်ဆက်တွဲဖြစ်စဉ်များ၊ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းဆိုင်ရာလုပ်ငန်းများ၊ သံသယလူနာများအား သီးခြားထားရှိခြင်း၊ ကုသခြင်း၊ ကာကွယ်နိုင်မည့်နည်းလမ်းများနှင့် ရောဂါသံသယလက္ခဏာများခံစားရပါက နီးစပ်ရာကျန်းမာရေးဦးစီးဌာနသို့ အမြန်ဆုံးသတင်းပို့ရန်လိုအပ်ကြောင်း အသိပညာပေးဟောပြောခဲ့ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ကေသီနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကျန်းမာရေးဆရာမ ဒေါ်ဝေဝေဖြိုးတို့က ဆေးလိပ်နှင့် ဆေးရွက်ကြီးအန္တရာယ်များ၊ အာဟာရအုပ်စု(၃)အုပ်စုအကြောင်း၊ မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုတ်ကွေးရောဂါအကြောင်း၊ ဝမ်းပျက်ဝမ်းရောဂါအကြောင်းနှင့် သွားနှင့်ခံတွင်း ရောဂါများအကြောင်းကို အသီးသီးဟောပြောဆွေးနွေးခဲ့ကြသည်။

ထို့နောက် အခြေခံကျန်းမာရေးဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးနေ့စားဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူလေးများအား ခန္ဓာကိုယ်ကြီးထွားရေး၊ ဥာဏ်ရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်အလေးချိန်တိုင်းတာခြင်း၊ အရပ်တိုင်းတာခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးခဲ့ ကျောင်းမုန့်စျေးတန်းများတွင် ကျန်းမာရေးနှင့် ညီညွတ်မှုရှိစေရေးစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)