ပေါက်ခေါင်းမြို့နယ်၌ လက်စွဲကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာ (Seeder) ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြဆောင်ရွက်

ပေါက်ခေါင်း ဩဂုတ် ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ လက်စွဲကောက်စိုက်စက်၊မျိုးစေ့ချကိရိယာ (Seeder) ဖြင့် ဗီယက်နမ်မျိုးစပါးအား စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဝက်တိုးကျေးရွာအုပ်စု၊ ဝက်တိုးကျေးရွာ ကွင်းအမှတ်-၆၉၉၊ တောင်သူဦးသန့်ဇင်စိုး၏ လယ်မြေ (၁) ဧကတွင် ကျင်းပခဲ့သည်။

အဆိုပါ သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်၊ မြို့နယ်စိုက်ပျိုး‌ရေးဦးစီးမှူး ဦးမင်းမင်းထွန်း၊ မြို့နယ်စက်မှုလယ်ယာဦးစီးမှူး ဦးလှထွန်း၊ မြို့နယ် ကြေးတိုင်နှင့်မြေစာရင်းဦးစီးမှူး ဦးဇော်ဇော်၊ ပေါက်ခေါင်းမြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီ တာဝန်ရှိသူအဖွဲ့ဝင်များနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ကြည့်ရှုလေ့လာခဲ့ကြသည်။

သရုပ်ပြပွဲ၌ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမင်းမင်းထွန်းက တက်ရောက်လာသူများအား လက်ဆွဲကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ပြီး လက်စွဲကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးနေမှုကို လက်တွေ့စိုက်ပျိုးပြသခဲ့ရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တောင်သူများမှ စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ စိုက်ပျိုးရာသီတွင် မိုးစပါး (၄၆၇၅၇) ဧကလျာထားစိုက်ပျိုးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)