ချောက်မြို့တွင် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ချောက် ဩဂုတ် ၂၉

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်အဆင့် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ချောက်ခရိုင်အဆင့် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ချောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်နိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးအေးမင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး၊ ဒုတိယရဲမှူးကြီး မျိုးမင်းကို၊ ချောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်၊ ရေနံချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ ချောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်နိုင်က အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များက ဧည့်ခံဖျော်ဖြေရေးအစီအစဉ်များနှင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကာ ပြိုင်ပွဲတွင် ဆုရရှိသူများနှင့် ဖျော်ဖြေရေးအဖွဲ့များအားလုံးကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ချောက်ခရိုင်အဆင့် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ခရိုင်အတွင်းရှိ ချောက်နှင့် ​ရေနံ​ချောင်းမြို့နယ်များမှ  ဝါသနာရှင်အဆင့် ပြိုင်ပွဲဝင်များနှင့်  အခြေခံပညာအဆင့်ကျောင်းများမှ အသက် ၁၀ နှစ်မှ ၂၀ နှစ်အတွင်းရှိ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ပြိုင်ပွဲဝင်(၂၆) ဦးပါဝင်ယှဉ် ပြိုင်ခဲ့ပြီး ခရိုင်အဆင့်ပြိုင်ပွဲတွင် ပထမဆုနှင့် ဒုတိယဆုရရှိသူများအနေဖြင့် မကွေးတိုင်းဒေသကြီးအဆင့်ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်းနှင့် ယခုနှစ်တွင် ချောက်ခရိုင်မှ ပြိုင်ပွဲအမျိုးအစား (၁၇)မျိုး ပါဝင်ယှဥ်ပြိုင်ခဲ့ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။

ကျော်မိုး(ပြန်/ဆက်)