အထက်မင်းလှ ဩဂုတ် ၂၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့က ကြီးမှူးဖွင့်လှစ်ခဲ့သည့် ကိုယ်လုံသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီက မင်းလှအခြေခံပညာအထက်တန်းကျောင်း မင်းလက်ဝါးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်က ကိုယ်လုံသင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ မင်းလှအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သန်းဌေးက ကိုယ်လုံသင်တန်းဖွင့်လှစ်သင်ကြားမှုဆိုင်ရာများကို ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးမှူး၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးတို့က ကိုယ်လုံသင်တန်းဖွင့်လှစ်နိုင်ရေးအတွက် ကူညီထောက်ပံ့ပေးသော ဒေါ်ခင်တိုးရီနှင့် သင်တန်းနည်းပြဆရာမ ဒေါ်ဆုရတနာတို့အား ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုလက်ဆောင်များကိုလည်းကောင်း၊ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း အသီးသီး ပေးအပ်ခဲ့သည်။
ထို့နောက် ကိုယ်လုံသင်တန်းတက်ရောက်ခဲ့သည့် သင်တန်းသား၊ သင်တန်းသူများက သရုပ်ပြကစားခဲ့ကြရာ အခမ်းအနားသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)