ပွင့်ဖြူ ဩဂုတ် ၂၉
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခု (၂၀၂၄ - ၂၀၂၅) ဘဏ္ဍာနှစ်တွင် မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လူနေမှုဘဝ မြင့်မားတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP)စီမံကိန်းရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ (၂၀၂၄ - ၂၀၂၅) ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP) စီမံကိန်းရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကျေးရွာများ၏ အဓိကလိုအပ်ချက်ဖြစ်သည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဦးစားပေးအကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး ထိုသို့ ဆောင်ရွက်ရာ၌ စီမံကိန်းလုပ်ငန်း၏ ရည်ရွယ်ဖြစ်သည့် ကျေးရွာနေပြည်သူများ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားရေး၊ အဖွဲ့အစည်းများအကြား ပူးပေါင်းပါဝင် ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ တာဝန်ယူမှု /တာဝန်ခံမှုစိတ်များ လုပ်ကိုင်ဆောင်ရွက်တတ်စေရေး၊ စီမံခန့်ခွဲမှုနည်းစနစ်များ ကျွမ်းကျင်တတ်မြောက်စေရေး စသည့် စီမံကိန်းပါ သတ်မှတ်စံနှုန်းများအတိုင်း ကျေးရွာနေပြည်သူများကို ဦးဆောင်စေပြီး အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် စီမံကိန်းလုပ်ငန်းများအတွက် လိုအပ်သည့် နည်းပညာများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယခု ဘဏ္ဍာနှစ်တွင် ပွင့်ဖြူမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP) စီမံကိန်းရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာများမှာ ပွင့်ဖြူမြို့နယ် မင်းတဲကုန်းကျေးရွာ၊ ကလန်ကျေးရွာ၊ ဒေးဒရဲကျေးရွာ၊ ရွာသာညွန့်ကျေးရွာ၊ ကမ်းဗြူကျေးရွာ၊ ဖိုးပေါက်စုကျေးရွာ ၊ ရွာသစ်ကလေးကျေးရွာ၊ သမုန်းကုန်းကျေးရွာ၊ ကံလှကျေးရွာ၊ ရွှေလှေစုကျေးရွာ၊ သက်သာပန်းတောင်းကျေးရွာနှင့် သူဌေးကုန်းကျေးရွာတိုဖြစ်ကြောင်းသိရကာ ကျေးရွာတစ်လျှင် (VDP)စီမံကိန်းရန်ပုံငွေကျပ် သိန်း(၁၅၀)စီ ထောက်ပံ့ပေးအပ်ကာ ကျေးရွာပြည်သူများ၏ ထည့်ဝင်ငွေများဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း(၅)ခု၊ ကျေးရွာတွင်း မြေနီကျောက်စရစ် လမ်းခင်းခြင်း လုပ်ငန်း(၇)ခုနှင့် ရေသန့်စင်စနစ် ဆောင်ရွက်ခြင်းလုပ်ငန်း(၂)ခုတို့ကို ယခုနှစ် ဩဂုတ်လ ဒုတိယပတ်ကစတင်၍ လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယခုအခါ ပျမ်းမျှ(၈၀)ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။
လှိုင်ဝင်းလေး (ပြန်/ဆက်)