ပန်းတောင်း သြဂုတ် ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင် ဦးဆောင်သောအဖွဲ့သည် ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ရှေးဦးစွာ ကိုင်းကြီးကျေးရွာအုပ်စုရှိ ကျေးလက်လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ကိုင်းကြီး-ဘူးဘက်လမ်း (၁/၀ မိုင် × ၂၀ ပေ × ၈ လက်မ) တာဘောင်တင်ခြင်းနှင့် ချောင်းကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေနှင့် ဥသျှစ်ပင်မြို့၊ ရွှေပင်ရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူတည်ဆောက်လျက်ရှိသော (၂´ × ၁၈´ × ၅´ - ၃" × ၄´) Box Culvert (၂) စင်း ဆောက်လုပ်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မကြီးထုံးကျေးရွာအုပ်စုရှိ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ထိခိုက်ပျက်စီးသွားသော မိုးစပါးစိုက်ဧကများတွင် မိုးစပါးပြန်လည်စိုက်ပျိုးနေမှု အခြေအနေ၊ ဆင်တဲကျေးရွာအုပ်စုရှိ အမှတ် (၃) တပ်မတော်အကြီးစားစက်ရုံ (ဆင်တဲ) မှ ထုတ်လုပ်သော Drum Seeder များတပ်ဆင်ထုတ်လုပ်ပြီးစီးမှုအခြေအနေနှင့် ဆင်တဲကျေးရွာအုပ်စုရှိ မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဆင်တဲတောင်ပတ်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)