သဲကုန်း ဩဂုတ်၂၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) အင်ပင်လှ၌ ကျောင်းကောင်စီဥက္ကဋ္ဌ ဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါကျောင်းရှိ အားကစားကွင်းတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားကွင်းအတွင်း ချီတက်နေရာယူခြင်း အလေးပြုခြင်းနှင့် အားကစားသစ္စာ အဓိဌာန်ရွတ်ဆိုခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ချောစုလှိုင်က မိုးရာသီတွင် အားကစားပြိုင်ပွဲကျင်းပပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ အားကစားကို စိတ်ဝင်စားခြင်း၊ ကျန်းမာရေးကောင်းမွန်ခြင်း၊ စည်းလုံးညီညွတ်ပျော်ရွှင်စွာ အနိုင်အရှုံး ပဓာနမထားဘဲ အားကစားစိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်ကစားကြရန်၊ ထူးချွန်သော ဘောလုံးအားကစားသမား ပေါ်ထွန်းလာရေး၊ အားကစားပြိုင်ပွဲမှ ချစ်ကြည်ရင်းနှီးမှုရရှိစေရေး စသည့်အကျိုးကျေးဇူးများစွာ ရရှိမှာဖြစ်ကြောင်း အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ဘုရင့်နောင်ဘောလုံးအသင်းနှင့် အလောင်းဘုရားဘောလုံးအသင်းတို့ စတင်ယှဉ်ပြိုင် ကစားကြသည်။ အဆိုပါကျောင်းကောင်စီဥက္ကဋ္ဌ ဘောလုံးပြိုင်ပွဲတွင် အသင်းငါးသင်းမှ သြဂုတ်လ (၂၈) မှ (၃၁) ရက်နေ့အထိ ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဗိုလ်လုပွဲသို့ တက်ရောက်မည့်အသင်း (၂) သင်းက ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ အနိုင်ရာရှိသော အသင်းသား တံခွန်စိုက်ဆုဖလားနှင့် ပြိုင်ပွဲတွင် အကောင်းဆုံးယှဥ်ပြိုင်ခဲ့ကျသော အားကစားသမားများအား နေရာလိုက် အကောင်းဆုံးဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)