ရွှေတောင် သြဂုတ် ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်(ကြာနီကန်) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နေ့လယ် (၁) နာရီက ၂၀၂၃- ၂၀၂၄ပညာသင်နှစ်၊ လူရည်ချွန်ရရှိသူများ၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများနှင့် တိုင်းလက်ရွေးစင်(ပြေး၊ ခုန်၊ ပစ်)ပြိုင်ပွဲတွင် ဆုရသော ကျောင်းသူအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားတွင် အ.ထ.က-ရွှေတောင် ကျောင်းသား/သူလေးများက "မြန်မာ့ကျောင်း" သီချင်းဖြင့် ဂုဏ်ပြုသီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ရွှေတောင်မြို့နယ် ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးကျော်ဦးကထပ်ဆင့် အမှာစကားပြောကြားသည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းမင်းသိန်းက ဂုဏ်ပြုဆုချီးမြှင့်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၄ ပညာသင်နှစ်၊ လူရည်ချွန်(၁)ဦးနှင့် နှစ်ထပ်ကွမ်းလူရည်ချွန်(၁)ဦး၊ တက္ကသိုလ်ဝင်စာမေးပွဲတွင်(၂)ဘာသာဂုဏ်ထူးရှင် (၃)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၁)ဦးနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းလက်ရွေးစင်( ပြေး၊ခုန်၊ပစ်)ပြိုင်ပွဲတွင် မီတာ( ၁၀၀) ပထမ၊ မီတာ(၁၀၀) လက်ဆင့်ကမ်းပထမ၊ မီတာ( ၄၀၀) လက်ဆင့်ကမ်းပထမ၊ မီတာ( ၂၀၀) ဒုတိယဆုရရှိသူ ကျောင်းသူ(၁)ဦးနှင့် ဂုဏ်ထူးရအောင် သင်ကြားပေးသော ဆရာမများအား ဂုဏ်ပြုဆုငွေနှင့် ဆုတံဆိပ်များကို ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ဆုများအသီးသီးဆုချီးမြှင့်ခဲ့ပြီး ဒွါဒသမတန်း လူရည်ချွန်ကျောင်းသား မောင်အောင်ကျော်မင်းမှ ဆုရကျောင်းသား၊ ကျောင်းသူများ၏ကိုယ်စား ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)