ပဲခူး သြဂုတ် ၂၉
ပဲခူးတိုင်းဒေသကြီး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ပညာရေးဌာနတို့ပူပေါင်း၍ မူးယစ်ဆေးဝါးအသိပညာပေးဟောပြောပွဲကို ယမန်နေ့က ပဲခူးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း သီရိပညာခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ အမှတ် (၃၆) မူးယစ်တပ်ဖွဲ့စုပဲခူးမှ ရဲမှူးဆန်းထွန်း မူးယစ်ဆေးဝါး သုံးစွဲရသည့်အကြောင်းရင်း၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ၊ ယနေ့ကမ္ဘာတွင် လူသားအားလုံးကို ခြိမ်းခြောက်လျက်ရှိသည့် အကြီးမားဆုံးအန္တရာယ်သည် မူးယစ်ဆေးဝါးအန္တရာယ်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးဆိုသည်မှာ လူ၏ဦးနှောက်နှင့် အာရုံကြောကို ထိခိုက်ထုံထိုင်းစေကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ရုပ်ပိုင်းဆိုင်ရာ/ စိတ်ပိုင်းဆိုင်ရာ စသည့်နောက်ဆက်တွဲ ကိစ္စရပ်များစွာတွင် ဆိုးကျိုးများဖြစ်ပေါ်တတ်ကြောင်း စသည့်အကြောင်းအရာများကို အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။
ယင်းနောက် ဟောပြောပွဲသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)