မြောင်းမြမြို့တွင် မဒေါ့ပင်စံပြကျေးရွာစာကြည့်တိုက် ပန္နက်တင် မင်္ဂလာအခမ်းအနားကျင်းပ

မြောင်းမြ ဩဂုတ်၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ မဒေါ့ပင်စံပြကျေးရွာ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောက်လုပ်သည့် ကျေးရွာစာကြည့်တိုက် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က စာကြည့်တိုက် ဆောက်လုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုရဲမှူးကြီးသောင်းထိုက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်နှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်တို့က စာကြည့်တိုက် မင်္ဂလာပန္နက်တိုင်များရိုက်ခဲ့ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို မြောင်းမြခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇေယျာ(ပြန်/ဆက်)