ဇလွန် ဩဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်း ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား ကျောင်းသူများ စာအုပ်စာပေဖတ်ရှုနိုင်ရန်၊ စာပေလေ့လာ ဖတ်ရှုခြင်းမှ ရရှိလာသော အသိပညာဗဟုသုတများ ပြန်လည်မျှဝေနိုင်စေရန်နှင့် စာဖတ်သည့် အလေ့အထတွင် ပျော်မွေ့လာစေရန် ရည်ရွယ်ချက်များဖြင့် ယနေ့ နံနက် ၉ နာရီအချိန်က ဇလွန်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အမျိုးသားခန်းမ၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို အ.ထ.က(၂)ဇလွန် ကျောင်းသား/ ကျောင်းသူများက "အလှဆုံးပန်းများပွင့်ကြပြီ" သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား လူမှုရေးရာဝန်ကြီးဦးခင်မောင်ကြည်က အဖွင့်အမှာစကား ပြောကြားရာတွင် “နိုင်ငံတော်ဝန်ကြီးချုပ်က ပညာသင်ကြားခြင်းသည် နိုင်ငံ၏အနာဂတ်အတွက် မရှိမဖြစ်အရေးပါသည့် လူစွမ်းအားအရင်းအမြစ်ပျိုးထောင်ခြင်းဖြစ်၍ လူငယ်များအပါအဝင် ပြည်သူအားလုံးစာဖတ်ကြရန် စာပေလေ့လာဖတ်ရှုနိုင်သည့် ပတ်ဝန်းကျင်များ ဖန်တီးပေးရန်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို ကျောင်းသားလူငယ်များ စာကြည့်တိုက်ကို အသုံးပြုတတ်စေရန်၊ စာပေဖတ်ရှုသည့်အလေ့အကျင့် ကောင်းများရရှိစေရန်၊ ဘက်စုံးဖွံ့ဖြိုးပြီး ဗလငါးတန်နှင့် ပြည့်စုံသည့် လူတော်လူကောင်းများ ပေါ်ထွက်လာစေရန်” စသည့် ရည်ရွယ်ချက်များစွာဖြင့် ကျင်းပဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများက တေးသီချင်းများ၊ သရုပ်ဖော်အကများဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်က ဇလွန်မြို့နယ် ကျောင်းစာကြည့်တိုက်များအတွက် သုတ၊ ရသ စာအုပ်စာစောင်များနှင့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပါဝင်ကူညီဆောင်ရွက်ပေးကြသူများအား ဂုဏ်ပြုဆုငွေများ ကိုတာဝန်ရှိသူများထံအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကာ အခမ်းအနားသို့ တက်ရောက်လာသူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။ ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွင်း ခင်းကျင်းပြသထားသော ဓာတ်ပုံပြခန်းများ၊ စာအုပ်စာစောင်ပြခန်းများ၊ ပြပွဲပြိုင်ပွဲများ၊ စာအုပ်အရောင်းဆိုင်များနှင့် အားကစားပြိုင်ပွဲများ ကျင်းပနေမှုများတွင် ကျောင်းသား လူငယ်များပျော်ရွှင်စွာ ပါဝင်ဆင်နွဲနေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့၀င် လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်နှင့် တာဝန်ရှိသူများ၊ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ မိဘအုပ်ထိန်းသူများ တက်ရောက်ကြပြီး အဆိုပါစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား ဩဂုတ်လ ၂၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)