ဖျာပုံပြည်သူ့ဆေးရုံကြီးတွင် သုံးမွှာပူးမွေးဖွားသူအား ထောက်ပံ့မှုများဆောင်ရွက်

ဖျာပုံ သြဂုတ် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သ​ပြေကန်ကျေးရွာမှ ကိုယ်ဝန်ဆောင် အသက်(၂၄)နှစ်အရွယ်မ​ကြည်ဝင်းသည် ဖျာပုံပြည်သူ့ဆေးရုံကြီး ကုတင်(၂၀၀) ဆေးရုံ၌ သြဂုတ်လ (၂၅)ရက်နေ့ နံနက်(၁)နာရီ အချိန်၌ သုံးမွှာပူးမွေးဖွားခဲ့သဖြင့် ယမန်နေ့ နံနက်ပိုင်းအချိန်က ဖျာပုံပြည်သူ့ဆေးရုံ​ကြီး သားဖွားမီးယပ်ဆောင်၌ ထောက်ပံ့မှုများဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ သုံးမွှာပူးမွေးဖွားသဖြင့် ထောက်ပံ့မှုများဆောင်ရွက်ရာတွင် ဖျာပုံခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဦးနှင့် အဖွဲ့ဝင်များ၊ ဘိုကလေးမြို့နယ် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသွားရောက်၍ သုံးမွှာပူးမွေးဖွားသည့်မိခင်နှင့် ကလေးများအားသွားရောက်ကြည့်ရှု၍ ထောက်ပံ့ငွေများနှင့် အာဟာရဖြည့်စွက်စာများ ထောက်ပံ့ရာတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို)မှ ထောက်ပံ့ငွေ(၃)သိန်း၊ ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ထောက်ပံ့ငွေ(၁)သိန်း၊ ဖျာပုံခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ထောက်ပံ့ငွေ(၁)သိန်း၊ ဘိုကလေးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းတို့၏ ထောက်ပံ့ငွေကျပ်(၁)သိန်းတို့အား ထောက်ပံ့ပေးသည့်အပြင် မိခင်နှင့်ကလေးများအတွက် အသုံးအဆောင်ပစ္စည်းများ၊ မိခင်အတွက် အာဟာရစားသောက်ဖွယ်ရာများအား မိခင်ဒေါ်ကြည်ဝင်း၏လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်းနှင့် အဆိုပါကလေး(၃)မွှာပူးအား သြဂုတ်လ(၂၅)ရက်နေ့ နံနက်(၁)နာရီအချိန်တွင် ဖျာပုံပြည်သူ့ဆေးရုံကြီးကုတင်(၂၀၀)ဆေးရုံ၌ သားဖွားမီးယပ် အထူးကုဆရာဝန်ကြီးဒေါက်တာဥမ္မာမြကခွဲစိတ်၍ မွေးဖွားခဲ့ခြင်းဖြစ်ပြီး ယခုအခြေအနေတွင် မိခင်နှင့်ကလေးများပါ ကျန်းမာရေးကောင်းမွန်​ကြကြောင်း၊ ဖျာပုံပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာရဲဝင်း၊ ဆရာဝန်များနှင့် သူနာပြု ဆရာ/ ဆရာမများက အထူးကြပ်မတ် ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးလျက်ရှိကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်

ဖျာပုံခရိုင်(ပြန်/ဆက်)