စစ်ကိုင်း သြဂုတ် ၂၉
၂၀၂၄ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် တိုင်းဒေသကြီးဘော်လီဘောဆပ်ကော်မတီတို့ ပူးပေါင်းကျင်းပမည့် ရွှေမင်းဝံဖလား အမျိုးသား/ အမျိုးသမီး(အလွတ်တန်း)ဖိတ်ခေါ် ဘော်လီဘောပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၁)နာရီက ပိုးတန်းရပ်ကွက်ရှိ အားကစားရုံတွင် ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးစောမြင့်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်က ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုမိတ်ဆက်စကားပြောကြားကာ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်ဇော်လွင်က ပြိုင်ပွဲကျင်းပပြုလုပ်မည့်အခြေအနေနှင့် ပြိုင်ပွဲအစီအမံများအား ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
ဆက်လက်၍ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအေးကိုကိုက ပြိုင်ပွဲဝင်အသင်းများ တည်းခိုနေထိုင်ရေးနှင့် ပြိုင်ပွဲကာလအတွင်း သွားလာခြင်းဆိုင်ရာများကိုလည်းကောင်း၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ် ဒိုင်လူကြီးဦးဖြိုးသူအောင်က ပြိုင်ပွဲဝင်စည်းကမ်းများနှင့် ပွဲစဉ်ဇယားရေးဆွဲမည့် အစီအမံများကိုလည်းကောင်း၊ တက်ရောက်လာကြသည့် ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူများက ပြိုင်ပွဲနှင့်ပတ်သက်၍လည်းကောင်း ဆွေးနွေးတင်ပြကြရာ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။
ရွှေမင်းဝံ အလွတ်တန်းဖိတ်ခေါ် ဘော်လီဘောပြိုင်ပွဲတွင် အမျိုးသားအသင်း(၁၀)သင်းနှင့် အမျိုးသမီးအသင်း(၇)သင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ပြိုင်ပွဲကို သြဂုတ်(၃၀)ရက်၊ နံနက်ပိုင်းမှ စ၍ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
ဇော်မြင့်နိုင်
စစ်ကိုင်းခရိုင်(ပြန်/ဆက်)