ဘိုကလေးတင့်အောင်စာကြည့်တိုက်တွင် ဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပ

ဘိုကလေး ဩဂုတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၏ အထင်ကရစာကြည့်တိုက် တစ်ခုဖြစ်သော ဘိုကလေးတင့်အောင်စာကြည့်တိုက်တွင် စာကြည့်တိုက်သက်ဝင် လှုပ်ရှားမှုရှိစေရေး၊ ကျောင်းသားလူငယ်များ စာပေ၌ မွေ့လျော်စေရေးနှင့် ဘက်စုံကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး တို့ကိုရည်ရွယ်ကာ  ယနေ့နံနက်(၁၁)နာရီ အချိန်၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက အသိပညာပေး ဟောပြောပွဲနှင့်အတူ ပုံပြင်ပြောပြိုင်ပွဲ ကျင်းပဆောင်ရွက်သည်။

ဟောပြောပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပရာသို့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဒေါ်ခင်ဝေဝေမြင့် နှင့်ဝန်ထမ်းများ၊ အခြေခံပညာကျောင်းသား/သူများ တက်ရောက်ကြပြီး ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က ကျောင်းသား/သူများအား “စာဖတ်ခြင်းဖြင့် ကြီးမြတ်သောလူမျိုး” ခေါင်းစဉ်ဖြင့် နိုင်ငံတစ်နိုင်ငံ ကြီးမြတ်တိုးတက်စေရေး၊ ကမ္ဘာ့အလယ်၌ ရင်ဘောင်တန်းစေနိုင်မည့် လူမျိုးများ ဖြစ်စေရေးအတွက် အဓိက ကျသောအရာသည် စာပေဗဟုသုတဖြစ်သည့် အားလျော်စွာ ကျောင်းသား/သူများ အနေဖြင့် စာများများ ဖတ်ကြရန် လိုအပ်ကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်းနှင့်ဟောပြောပွဲအပြီးတွင် ကျောင်းသား/သူများအား စာပေ၏တန်ဖိုးကို ညွှန်းဆိုရေးဖွဲ့ထားသော ပုံပြင်များဖြင့် ပုံပြင်ပြော ပြိုင်ပွဲ ကျင်းပပေးခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)