ရေကြည် ဩဂုတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်၊ သင်္ဃန်းဒေါင့်ကျေးရွာအုပ်စု၊ ငါးရံ့ချောင်းကျေးရွာ၌ နိုင်ငံတော်အစိုးရက ပြည်သူများအသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် စာအုပ်စာစောင်များအလွယ်တကူ ဖတ်ရှုလေ့လာနိုင်စေရန်ရည်ရွယ်၍ နိုင်ငံတော်မှ မတည်ထောက်ပံ့လှူငွေကျပ်သိန်း(၁၅၀)ဖြင့် ကျေးရွာစာကြည့်တိုက် အဆောက်အဦးသစ်ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါကျေးရွာစာကြည့်တိုက် အဆောက်အဦသစ် ဆောက်လုပ်မည့် မြေနေရာတွင် ကျင်းပလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ကျေးရွာစာကြည့်တိုက်အဆောက်အဦးသစ် ဆောက်လုပ်ရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းချစ်အေးနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးစီစီအောင်၊ မြို့နယ်အဆင့်တာဝန်ရှိသူတို့က သတ်မှတ်နေရာအသီးသီး၌ မင်္ဂလာအချိန်တွင် ပန္နက်ရိုက်ခဲ့ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းချစ်အေးနှင့်တို့က ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံ၍ ကျေးရွာစာကြည့်တိုက်အဆောက်အဦသစ် အောင်မြင်စွာတည်ဆောက်နိုင်ရေးအတွက် လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)