ကျိုက်လတ်၌ မြို့နယ်အဆင့် အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ကျိုက်လတ် ဩဂုတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ (၁၀)ဖြတ်လမ်းရှိ ပြည်သူ့အားကစားကွင်းတွင် ယမန်နေ့ နေ့လယ် (၁၂)နာရီက မြို့နယ်အဆင့် အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

ရှေးဦးစွာ တက်ရောက်လာကြသော ဧည့်ပရိတ်သတ်များနှင့် စစ်‌‌ကြောင်းမှူးမှ ဦးဆောင်၍ ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများက အားကစားသစ္စာအဓိဌာန်(၄)ချက်ကို သံပြိုင်ရွတ်ဆိုခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင်(၂)ဦးစိန်မြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးထင်အောင်ကျော်က တစ်မျိုးသားလုံးကျန်းမာ ကြံ့ခိုင်ရေး၊ မြန်မာ့အားကစားအဆင့်အတန်း မြင့်မားရေး၊ ထူးချွန်ထက်မြက်သော မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာစေရန် အားကစားပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်နိုးသူက အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျောင်းသူလေးများက "ထာဝရသစ္စာ" ၊ "Fitness Dance" နှင့် ကာယအတွဲ(၃) တို့ဖြင့် သရုပ်ပြဖျော်ဖြေပေးခဲ့သည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိန်မြင့်၊ အဖွဲ့ဝင်(၃) ဦးမောင်းမာန်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး၊ ပြိုင်ပွဲတွင် ကျောင်းအုပ်စု နယ်မြေအသင်း (၈)သင်း ပါဝင်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပြီး ဖွင့်ပွဲပထမနေ့ ပွဲစဉ်အဖြစ် နယ်မြေ(၂)အသင်းနှင့် နယ်မြေ(၅)အသင်းတို့က ယှဉ်ပြိုင် ကစားခဲ့ကြောင်း သိရသည်။

လှိုင်မင်းအောင်(ပြန်/ဆက်)