ကြံခင်း ဩဂုတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပါရမီဓမ္မစကူးလ်သင်တန်းကျောင်းတွင် ကျောင်းသား/သူများ မြန်မာရိုးရာယဉ်ကျေးမှုအမွေ၊ အနှစ်များကို ထိန်းသိမ်းတတ်စေရန်၊ မြန်မာမှုအနုပညာများကို ချစ်မြတ်နိုးတတ်စေရန်၊ ရိုးရာအဆို၊ အကများကို လေ့လာသိရှိစေရန်ရည်ရွယ်ပြီး ယမန်နေ့နေ့လည်ပိုင်းက ကြံခင်းမြို့ စံရာတိုက် ထားဝယ်ကြီးကျောင်း၌ တိုင်း၊ခရိုင်အဆင့် မြို့နယ်ဂုဏ်ဆောင် (အဆို၊ အက၊ အရေး၊ အတီး) ပြိုင်ပွဲတွင် ထူးချွန်ဆုရ မထားထားနွယ်ဝင်းက မြန်မာ့ရိုးရာအကဖြင့် သင်ကြားကပြပေးကြောင်း သိရသည်။
အဆိုပါ ကျောင်းတိုက်၌ ဆရာတော် ဦးပညာသာမိဦးဆောင်သော မြို့နယ်ဓမ္မစကူးလ်ကော်မတီအဖွဲ့ဝင် ဆရာ/ဆရာမများက ယဉ်ကျေးလိမ္မာသောသားကောင်း ရတနာများပေါ်ထွန်းလာစေရန်နှင့် မိဘ၊ ဆရာများ၏ ဂုဏ်ကျေးဇူးကို နားလည်သိတတ်စေရေးအတွက် သင်ပြပေးသလို၊ မြန်မာရိုးရာယဉ်ကျေးမှုအား လေ့လာမှတ်သားသိရှိစေရန် တိုင်း၊ ခရိုင်အဆင့် မြို့နယ်ဂုဏ်ဆောင်(အဆို၊ အက၊ အရေး၊ အတီး) ပြိုင်ပွဲတွင် ထူးချွန်ဆုများရရှိသော မထားထားနွယ်ဝင်းက မြန်မာ့ရိုးရာအကဖြစ်သော "ကဗျာလွတ်အက"၊ "ဓမ္မစကူးလ်ပန်း"သီချင်းဖြင့်သီဆိုကာ ကျောင်းသား/သူများနှင့်အတူ သင်ကြားကပြဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပါရမီဓမ္မစကူးလ်သင်တန်းကို ဝါတွင်းကာလတွင် အပတ်စဉ် (ဥပုတ်နေ့) တိုင်း နေ့လယ် (၁၂) နာရီခွဲမှ ညနေ (၄) နာရီအထိသင်ကြားပေးသွားမှာဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိ ကျောင်းသား/သူ (၁၁၀) ဦးတက်ရောက်ကြကြောင်း တာဝန်ရှိသူထံက သိရသည်။
မြို့နယ် (ပြန်/ဆက်)