ကျွန်းလှ ဩဂုတ် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အစေ့ထုတ်ပြောင်း၊ ဖူးစားပြောင်းကို ရာသီအလိုက်စိုက်ပျိုးလျက်ရှိရာ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ စိုက်ပျိုးသောအစေ့ထုတ်ပြောင်း စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
“ကျွန်တော် ဒီနှစ် မိုးရာသီမှာ အစေ့ထုတ်ပြောင်း (၂) ဧက စိုက်ပျိုးထားပါတယ်။ တစ်ချို့တောင်သူတွေ ပဲစင်းငုံသီးနှံနဲ့ သီးညှပ်စိုက်ပျိုးကြပါတယ်။ အခုအခါ ပြောင်းစိုက်ခင်းမှာ ပြောင်းဖူးတွေဖူးနေပြီး အောင်မြင်ဖြစ်ထွန်းနေပါတယ်” ဟု ရှမ်းစုကျေးရွာ ပြောင်းစိုက်ပျိုးသူတစ်ဦးက ပြောသည်။
အဆိုပါ အစေ့ထုတ်ပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဖောငမြောင်တောင်ပိုး ကြိုတင်ကာကွယ်ရေးပညာပေးခြင်း၊ ပိုးမွှားကျရောက်မှုကင်းထောက်ခြင်း၊ မြေဩဇာစနစ်တကျ အချိန်ကိုက်ထည့်သွင်းခြင်း အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ အစေ့ထုတ်ပြောင်းစိုက်ပျိုးရန် ၁၄၉၉၅ ဧကလျာထားပြီး ယနေ့ထိ ၁၅၀၁၂ ဧက (၁၀၀ ဒသမ ၁၁) ရာခိုင်နှုန်း စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)