ဖျာပုံမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

ဖျာပုံ သြဂုတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းသည် နိုင်ငံတော်၏ စီမံကိန်းများ အောင်မြင်စေမည့် အခြေခံကျသော လုပ်ငန်းစဥ်ဖြစ်ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ဆောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို ရရှိစေရန် ရည်ရွယ်၍ သန်းခေါင်စာရင်းကောက်ယူနိုင်​ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၁) နာရီအချိန်က ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ ဆွေးနွေးပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးသန့်ဇင်က (၂၀၂၄)ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅) ရက်နေ့အထိ သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် သန်းခေါင်စာရင်း ကောက်ယူမည့် ရည်ရွယ်ချက်၊ ကောက်ယူမည့် အချိန်ကာလ၊ သန်းခေါင်စာရင်းတွင် ထည့်ကောက်ရမည့်သူနှင့် ထည့်မကောက်ရမည့်သူများ၊ မှန်ကန်စွာ ဖြေဆိုခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူများ၊ ဖြေကြားသည့် အချက်အလက် လုံခြုံစိတ်ချရေးနှင့် အကာအကွယ်ပေးသည့် ဥပဒေပြဋ္ဌာန်းထားမှုအပါအဝင် သန်းခေါင်စာရင်း ကောက်ယူခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများအား အသေးစိတ်ရှင်းလင်း ပြောကြားပြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဒုတိယမြို့နယ်ဦးစီးမှူး ဦးသိန်းဇော်က သန်းခေါင်စာရင်း ကောက်ယူရာတွင် ရပ်ကွက်/ ကျေးရွာအလိုက် စာရင်းကောက်ကွက်များ သတ်မှတ်ထားရှိမှုနှင့် ကောက်ကွက်အလိုက် ပါဝင်ရမည့်သူများကို အသေးစိတ်ရှင်းလင်းပြောကြားသည် ။ အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်/ကျေးရွာစာရေးများက သိရှိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးသန့်ဇင်က ထပ်မံဖြည့်စွက်ဆွေးနွေး​​ပေးခဲ့ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)