ထားဝယ် ဩဂုတ် ၂၈
ဗလငါးတန်ဖွံ့ဖြိုးရေး ကျောင်းကျန်းမာရေးအလေးပေး ဟူသော ဆောင်ပုဒ်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်၉နာရီက ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ ရှေးဦးစွာကျောင်းသား/သူများက အဓိကမျှော်တွေး ကျန်းမာရေးသီချင်းဖြင့် သီဆိုဂုဏ်ပြုသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ၊ ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးမှာ ကျောင်းကျန်းမာရေးလုပ်ငန်း၏အရေးပါပုံနှင့် ကျန်းမာရေးအဆင့်မြင့် ကျောင်းလုပ်ငန်းစဉ်များကို ပိုမိုသိရှိလာစေရန်၊ ကျန်းမာရေးအဆင့်မြင့် ကျောင်းထူထောင်ရေးလုပ်ငန်းများတွင် ပိုမိုပူးပေါင်းပံ့ပိုးလာစေရန်၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးနှင့်ညီညွတ်သည့် အလေ့အကျင့်ကောင်းများ ရရှိကျင့်သုံးနိုင်စေရေးနှင့် သန့်ရှင်း၍ ကျန်းမာရေးနှင့်ညီညွတ်သော ကျောင်းပတ်ဝန်းကျင်များ ပေါ်ထွန်းလာစေရေး၊ ရေရှည်တည်တံ့စေရေး အထောက်အကူရစေရန် ရည်ရွယ်ပြီး နှစ်စဉ်ဩဂုတ်လဒုတိယပတ်ကို ကျောင်းကျန်းမာရေးသီတင်းပတ်အဖြစ် သတ်မှတ်ကာ အထိမ်းအမှတ်လှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြန်မာနိုင်ငံရှိအခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူ(၈)သန်းကျော် ပညာသင်ကြားလျက်ရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အခြားဆက်စပ်ဝန်ကြီးဌာနများ၊ နှီးနွယ်အဖွဲ့အစည်းများ၊ ပြည်သူလူထုများ ပူးပေါင်းပြီး ကျန်းမာရေးအဆင့်မြင့်ကျောင်းများကို နည်းစနစ်ကျကျ အကျိုးရှိရှိအကောင်အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အရေးကြီးသော လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် ကာယ၊ ဉာဏ၊ စာရိတ္တနှင့်ပြည့်စုံပြီး ဗလငါးတန်ပြည့်ဝသော ကျောင်းသားလူငယ်များ ပေါ်ပေါက်လာမှာ ဖြစ်ကြောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်၏ဆောင်ပုဒ်ဖြစ်သည့် “ဗလငါးတန်ဖွံ့ဖြိုးရေးကျောင်းကျန်းမာရေးအလေးပေး” ဆိုသည်အတိုင်း နိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်ရန် အဓိကလူ့စွမ်းအားအရင်းအမြစ်ဖြစ်သော ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် အဓိကကျသည့်ကျောင်း ကျန်းမာရေးလုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာနနှင့်ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အခြားဆက်စပ်ဌာနမျာ၏ ပံ့ပိုးကူညီမှုနှင့်အတူ ရှေ့ဆက်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာမိုးဇော်က ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျောင်းကျန်းမာရေးအထိမ်းအမှတ် Video Clip အား ပြသသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးတို့က ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် စာစီစာကုံး၊ ပိုစတာ၊ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/သူများအား ဆုချီးမြှင့်ပြီး အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းသား/သူများက တေးသီချင်းအကများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း စာသင်ခန်းများတွင် အခြေခံပညာအထက်တန်းကျောင်း(၈)ကျောင်းတို့မှ ခင်းကျင်းပြသထားသော ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုပြခန်းများနှင့် ဉာဏ်စမ်းမေးခွန်းမေးမြန်းနေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ကျော်ကျော်လတ်