ဘားအံ ဩဂုတ် ၂၈
ကရင်ပြည်နယ်အတွင်း ငါးစားသုံးမှုဖူလုံပိုလျှံရေး၊ ငါးသယံဇာတများရေရှည်တည်တံ့ရေး၊ ကျေးလက်နေပြည်သူများ ငါးရိက္ခာကိုပိုမိုစားသုံးနိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေနိုင်ရေးတို့ကို ရည်ရွယ်၍ သဘာဝမြစ်ချောင်း၊ အင်းအိုင်ဆည်တမံများအတွင်း ငါးမျိုးများစိုက်ထည့်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက ဘားအံမြို့နယ်၊ လှာကဒေါင်ကျေးရွာ၊ လှာကဒေါင်ရေလျှံကွင်းအတွင်း ရှင်သန်ကြီးထွားရန် အကောင်းဆုံးအရွယ်ရှိသည့် ငါးသားပေါက်ကောင်ရေ တစ်သိန်းနှစ်သောင်းကို ငါးမျိုးစိုက်ထည့်ပေးကြသည်။
ငါးမျိုးစိုက်ထည့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် တက်ရောက်လာသော လှာကဒေါင်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ရှင်သန်ကြီးထွားရန် အကောင်းဆုံးအရွယ်ရှိသော နှစ်လက်မအောက်ခံအရွယ်ရှိ ငါးမြစ်ချင်းကောင်ရေ ငါးသောင်းနှင့် ငါးခုံးမကြီးကောင်ရေ ခုနှစ်သောင်း၊ စုစုပေါင်းငါးကောင်ရေ တစ်သိန်းနှစ်သောင်းကို လှာကဒေါင်ရေလျှံကွင်းအတွင်း ငါးမျိုးစိုက်ထည့် ပေးခဲ့ကြသည်။
ကရင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုနှစ်မိုးရာသီအတွင်း ဘားအံငါးလုပ်ငန်းစခန်းနှင့် ကျုံဒိုးငါးလုပ်ငန်းစခန်းတို့မှ ရှင်သန်ကြီးထွားရန် အကောင်းဆုံးအရွယ်ရှိသော ငါးသားပေါက်ကောင်ရေ (ခုနှစ်သိန်းနှစ်သောင်း)ကျော်ကို ထုတ်လုပ်၍ ငါးမျိုးစိုက်ထည့်ပေးသွားမည်ဖြစ်ပြီး ယခုအခါ ငါးမျိုးစိုက်ထည့်ပွဲ(၅)ကြိမ်ဖြင့် ငါးသားပေါက်ကောင်ရေ(၅၀၀၀၀၀)ကျော်ကို သဘာဝရေပြင်မြစ်ချောင်းအင်းအိုင်များအတွင်း ငါးမျိုးစိုက်ထည့်ပေးခဲ့ပြီးဖြစ်ကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ဆက်လက်၍ ကရင်ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံပိုလျှံရေးနှင့် စိုက်ပျိုးရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ပြည်နယ်စိုက်ပျိုးရေးတိုးတက်မြင့်မားရေးကြီးကြပ်မှုအဖွဲ့၏ (၃/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်၁၀နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစာမြင့်ဦးက ယခုနှစ်တွင် ပြည်နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် စိုက်ပျိုးပြီး မိုးစပါးဧက ၁၃၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ရပြီး ဧက ၁၂၀၀၀ ကျော် ပြန်လည်စိုက်ပျိုးပြီးဖြစ်ကာ ဘားအံမြို့နယ်တွင် အများဆုံးနှင့်ထိခိုက်ဧက ၃၀၀၀၀ ကျော်အား အထွက်နှုန်းလျော့ကျမှုမရှိစေရေး ကုစားမှုများဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တောင်သူများ၏တင်ပြချက်အရ မျိုးစပါးလိုအပ်ချက်များ ရှိနေပြီး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြစေလိုကာ သီးထပ်စွမ်းအား တိုးချဲ့စိုက်ပျိုးနိုင်ရေးစီမံချက်များ ရေးဆွဲတင်ပြပေးကြစေလိုကြောင်း၊ လယ်ယာမြေကို အနားမပေးဘဲ တစ်နှစ်ပတ်လုံးတိုးချဲ့စိုက်ပျိုးနိုင်ရန်နှင့် ပန်းတိုင်ရည်မှန်းချက်အထွက်နှုန်း ပြည့်မီကျော်လွန်ရေး ကြိုးစားဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်စိုက်ပျိုးရေးတိုးတက်မြင့်မားရေးကြီးကြပ်မှုအဖွဲ့ဝင်များက ယခင်အပတ်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသော ပြည်နယ်အဆင့်ဌာနဆိုင်ရာများက သီးနှံအလိုက် စံပြကွက်/စမ်းသပ်ကွက်ဆောင်ရွက်နေမှုအခြေအနေ၊ အထွက်နှုန်းတိုးတက်ရေးအတွက် နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ မျိုးစပါးများဖြန့်ဖြူးထားရှိမှု၊ ဆောင်းနေကြာစိုက်ပျိုးရန် မျိုးစေ့စုဆောင်းထားရှိမှုနှင့် မျိုးလိုအပ်ချက်၊ တောင်သူများအား ထောက်ပံ့ပေးထားမှုအခြေအနေများကို ရှင်းလင်းတင်ပြကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်များအလိုက် အဓိကသီးနှံ(၁၀)မျိုး စိုက်ပျိုးပြီးစီးမှု၊ ရေကြီးနစ်မြုပ်မိုးစပါးများ ပြန်လည်စိုက်ပျိုးပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တက်ရောက်လာသူများက ပြည်နယ်စိုက်ပျိုးရေးတိုးတက်မြင့်မားရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်