ပေါက်ခေါင်းမြို့နယ်၌ မိုးနှမ်းများစတင်ရိတ်သိမ်း နှမ်းနက်တစ်တင်း ကျပ်နှစ်သိန်းဝန်းကျင်ထိဈေးရ

ပေါက်ခေါင်း ဩဂုတ် ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ တောင်သူများ၏ယာမြေများတွင် စိုက်ပျိုးထားရှိသော မိုးနှမ်းများ ဩဂုတ်လလယ်ခန့်မှ စတင်ရိတ်သိမ်းလျက်ရှိပြီး ရောင်းချရာတွင် နှမ်းအနက်တစ်တင်းလျှင် ကျပ်တစ်သိန်းကိုးသောင်းထိဈေးရရှိကြောင်း မိုးနှမ်းစိုက်ပျိုးသည့်တောင်သူတစ်ဦးထံမှ သိရသည်။

ပေါက်ခေါင်းမြို့နယ်ရှိ စပါးစိုက်ပျိုး၍မရသော ယာမြေများတွင် ဆီထွက်သီးနှံနှင့်ပဲသီးနှံများကိုအားထားစိုက်ပျိုးခဲ့ရာ မိုးနှမ်းသည်တောင်သူအများဆုံးစိုက်ပျိုးသည့်သီးနှံတစ်မျိုးဖြစ်ပြီး ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးနှမ်း ၃၉၁၆၄ ဧကထိစိုက်ပျိုးထားနိုင်ကြောင်းသိရသည်။ "မိုးနှမ်းကို မေလလယ်ခန့်မှစတင်စိုက်ပျိုးပြီး အထွက်နှုန်းအနေဖြင့်ပိုးမွှားကင်းစင်ပြီး အသီးသီးနှုန်းအားကောင်းပါက တစ်ဧက ၁၆ တင်းခန့်ထွက်ရှိကြောင်းနှင့်ဈေးနှုန်းအနေဖြင့် နှမ်းအမျိုးအစားပေါ်မူတည်ပြီး တစ်တင်းလျှင် ကျပ်တစ်သိန်းကိုးသောင်း၊ နှစ်သိန်းအထိဈေးရရှိပါတယ်၊ ခုနှစ်က မိုးရွာသွန်းမှုများတဲ့အတွက် ပျက်ဆီးဆုံးရှုံးတဲ့တောင်သူတွေလည်းရှိပါတယ်၊ မိုးနှမ်းကစိုက်ပျိုးစရိတ်ကုန်ကျမှုနည်းတယ်၊ အမြတ်အစွန်းပိုရတယ်ပေါ့၊ ခုအချိန်က နှမ်းရိတ်၊‌ မြေပဲသိမ်းချိန်ဆို‌တော့ ကျေးရွာတွင်းမှာရှိတဲ့သူတွေလည်း အလုပ်အကိုင်တွေရလာတာပေါ့၊ လုပ်အားခအ‌နေနဲ့က နှမ်းစီးနှမ်းထောင်ကတစ်ရက်ကို ကျပ်တစ်သောင်းပေးရတယ်၊ မြေပဲနှုတ်‌ မြေပဲဆွတ်သူတွေလည်း ပဲတစ်တင်းကို ကျပ်ခုနှစ်ထောင်ထိ ဈေးပေးရတယ်" ဟု တောင်သူများထံမှသိရသည်။ ပေါက်ခေါင်းမြို့နယ်တွင် ဆီထွက်သီးနှံမိုးနှမ်းအပြင် မိုးမြေပဲနှင့်နေကြာတို့ကိုလည်း သီးသန့်သီးညှပ်စိုက်ခင်းများဖြင့်လည်း တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)