မြိတ်မြို့တွင် အာဟာရဖွံ့ဖြိုး‌‌ရေးရက်သတ္တပတ်လှုပ်ရှားမှုနှင့် ကလေးများအတွက် စံမှီအာဟာရ ချက်ပြုတ်ရာတွင် ပါဝင်ရမည့် အစာအုပ်စု(၃)စုမှ ပါဝင်ပစ္စည်းများအား အသိပညာပေး

မြိတ် ဩဂုတ် ၂၈

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အာဟာရဖွံ့ဖြိုး‌‌ရေးရက်သတ္တပတ်လှုပ်ရှားမှုနှင့် ကလေးများအတွက် စံမှီအာဟာရချက်ပြုတ်ရာတွင် ပါဝင်ရမည့် အစာအုပ်စု(၃)စုမှ ပါဝင်ပစ္စည်းများအား အသိပညာပေးခြင်းကို မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးတွင် ယနေ့နံနက်(၁ဝ)နာရီက မြိတ်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြုလုပ်ခဲ့ကြသည်။

မိခင်များအနေဖြင့် မိမိတို့၏ရင်သွေးငယ်လေးများကို နေ့စဉ်စားသုံးတဲ့အစားအစာများကို သန့်ရှင်းလတ်ဆတ်ပြီး အာဟာရသင့်တင့်မျှတစွာ ချက်ပြုတ်ကျွေးမွေးတတ်စေရန်၊ အာဟာရပြည့်ဝသည့် ကလေးများသည် ကိုယ်ခန္ဓာကြီးထွားသန်မာခြင်း၊ ဉာဏ်ရည်ဖွံ့ဖြိုးခြင်း၊ ရောဂါကာကွယ်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိခံစားရပြီး နောင်အနာဂတ်မှာ လှပတဲ့ကြယ်ပွင့်လေးများ ဖြစ်လာနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်သည်။

အာဟာရဖွံ့ဖြိုး‌‌ရေးရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားတွင် မြိတ်ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန္တာအေးက အာဟာရ ရက်သတ္တပတ်လှုပ်ရှားမှု ကျင်းပရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။ ထိုနောက် ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာသွယ်သွယ်မြင့်က မိခင်နို့တိုက်ကျွေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာယဉ်ယဉ်နွဲ့က အာဟာရရက်သတ္တပတ်များအကြောင်းနှင့် (၅)နှစ်အောက်ကလေး အာဟာရတိုက်ကျွေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထိုနောက် စံပြမိခင်ဆုများကို မြိတ်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ ငါးနှစ်အောက်ကလေးများအတွက် စံမှီအာဟာရ ချက်ပြုတ်ရာတွင် ပါဝင်ရမည့် အစာအုပ်စု(၃)စုမှ ပါဝင်ပစ္စည်းများအား အသိပညာပေး ရှင်းလင်းပြသ‌ပေးပြီး ကလေးများအား အာဟာရတိုက်ကျွေးခဲ့ကြ‌ကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)