ဝန်းသို နိုဝင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ပိန္နဲကုန်းကျေးရွာတွင် ပူပြင်း ခြောက်သွေ့ သောနွေရာသီကာလ သောက်သုံးရေဖူလုံစွာရရှိနိုင်စေရန် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရငွေဖြင့် ၄ လက်မစက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ အလွန်မာကျောသော မြေအောက် ကျောက်လွှာများရှိခြင်းကြောင့် တူးဖော်ရာတွင် ခက်ခဲမှုရှိသည့် အတွက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ DRD-007 ၊ DTH တွင်းတူးစက်ကြီးဖြင့် ဆက်လက်တူးဖော်လျက် ရှိကြောင်း သိရသည်။
“မြေအောက်လွှာများမှာ Geophysical Map အရ အလွန်မာကျောတဲ့ မြေအောက် ကျောက်လွှာများရှိ သည့်အတွက် ကျွန်တော်တို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်)မှ DRD-007 ၊ DTH စက်နဲ့ စက်ရေတွင်းကို တူးဖော်ရခြင်းဖြစ်ပါတယ်၊ ယခုတူးနေတဲ့စက်ရေတွင်းက ဒုတိယမြောက် တူးဖော်တဲ့ ကျင်းဖြစ်ပါတယ်၊ ပထမကျင်းက မြေအောက်လွှာမာကျောသည့်အပြင် အပေါ်ယံအလွှာ မှာလည်း အရွယ် အစားကြီးမားတဲ့ အာလူးပုံစံကျောက်များရဲ့ ဒုက္ခပေးမှုကြောင့် ဒုတိယမြောက်ကျင်းကို ပြောင်းရွေ့ တူးဖော် နေရခြင်းဖြစ်ပါတယ်၊ ယခု အာလူးပုံစံ ကျောက်တွေကုန်သည်အထိ လူနဲ့တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေပါတယ်၊ ပြီးမှကွန်ကရစ်ပိုက်လုံးများကို Cover Pipe အဖြစ်အသုံးပြုပြီးတော့ ဆက်လက် တူးဖော်သွားမှာပါ”ဟု စက်ရေတွင်းတူးဖောခြင်း လုပ်ငန်း အတွေ့အကြုံများကို မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ပြောပြခဲ့သည်။
ဝန်းသိုမြို့နယ်တွင် ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစု ဝင်ငွေတိုးပွား စေရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ ပိန္နဲကုန်းကျေးရွာ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းကို တောင်ကုန်း+ပိန္နဲကုန်း နှစ်ရွာတစ်ယူနစ် မြစိမ်းရောင် ကျေးရွာစီမံကိန်း၊ အတိုးရငွေကျပ် သိန်း(၁၀၀)ဖြင့် ပထမဆုံး အသုံးပြုဆောင်ရွက်နေခြင်းဖြစ်ပြီး ရေစက်ရုံနှင့် အင်ဂျင်၊ ဒိုင်နမို၊ ပန့်တပ်ဆင်ခြင်း လုပ်ငန်းကိုလည်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်း အဆိုပါကျေးရွာ စက်ရေတွင်းတူးဖော် အောင်မြင်ပြီးစီးပါက အိမ်ခြေ (၆၇)အိမ်၊ လူဉီးရေ(၃၆၀) ကျော်တို့အတွက် ရာသီမရွေးသောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်မည် ဖြစ်ကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)