မိုးညို ဩဂုတ် ၂၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်စည်ပင်သာယာဈေးတာဝန်ခံရုံး၌ မြို့နယ်အဆင့်စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုလုပ်ငန်းစဉ် 3Rs(Reduce, Reuse, Recycle )စနစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်သက်သက်မာက စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုလုပ်ငန်းစဉ်ဖြစ်သည့် လျှော့ချပါ၊ ပြန်လည်သုံးစွဲပါ၊ ပြန်လည်ပြုပြင်အသုံးပြုပါ အချက်သုံးချက်အားလိုက်ပါဆောင်ရွက်နိုင်ရေး၊ မြို့တော်ဧရိယာမှထွက်ရှိသောစွန့်ပစ်ပစ္စည်းများ၊ စက်မှုလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှထွက်ရှိသောစွန့်ပစ်ပစ္စည်းများ၊ ဘေးအန္တရာယ်ဖြစ်စေသော ဓာတုနှင့်လျှပ်စစ်စွန့်ပစ်ပစ္စည်းများ၊ စွန့်ပစ်ပစ္စည်းများကြောင့်ဖြစ်ပေါ်စေနိုင်သည့်ပြဿနာများကို ရှင်းလင်းပြောကြားခြင်းနှင့် မိမိတို့မြို့ရွာသန့်ရှင်းသာယာလှပရေးနှင့် ကျန်းမာရေးအထောက်အကူဖြစ်စေရန်အတွက် စွန့်ပစ်ပစ္စည်းများကို ပြန်လည်ပြုပြင်အသုံးပြုနိုင်ရေး၊ စနစ်တကျစွန့်ပစ်နိုင်ရေးတို့ကို ပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးဦးဇော်မင်းထွန်းက MPox(မျောက်ကျောက်)ရောဂါနှင့်ပတ်သက်သည့် ရောဂါလက္ခဏာများ၊ ရောဂါကူးစက်နိုင်ဖွယ်ရှိသည့်နည်းလမ်းများ၊ ကြိုတင်ကာကွယ်ရန်အချက်များကိုပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်စန္ဒာလင်းက မိမိတို့ဌာနအနေဖြင့် ပြည်သူများဗဟုသုတတိုးပွားစေရန် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့ လေ့လာဖတ်ရှုလိုသောစာအုပ်များကို စာကြည့်တိုက်တွင် လာရောက်ငှားရန်းဖတ်ရှုနိုင်ကြောင်း ပြောကြားသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စည်ပင်သာယာဈေးကော်မတီဝင်များနှင့် ဈေးသူဈေးသားများတက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)