ဘားအံ ဩဂုတ် ၂၈
ကရင်ပြည်နယ်၊ ဘားအံမြို့၌ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ(၁၃)ရက်နေ့တွင် ကျရောက်မည့် (၁၂)ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူခြင်းကို ကရင်ပြည်နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယမန်နေ့မွန်းလွဲ၁နာရီက ဘားအံမြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများ၌ စိုက်ထူခဲ့ကြောင်း သိရသည်။
အဆိုပါ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးမြေစိုက်ပိုစတာ(၁၀ပေ၊ ၈ ပေ) Billboard စိုက်ထူခြင်းကို အမှတ်(၁)ရပ်ကွက် ပဒုမ္မာလမ်းရှိ မြို့နယ်မိုးလုံလေလုံအားကစားရုံနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့၌လည်းကောင်း၊ အမှတ်(၇)ရပ်ကွက် ကမ်းနားလမ်းနှင့် စောစံစီဖိုးလမ်းထောင့်အနီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့နှင့် အမှတ်(၈)ရပ်ကွက် ကမ်းနားလမ်း အုပ်ချုပ်ရေးမှူးရုံးရှေ့တို့တွင် ၂၀၂၄ ခုနှစ်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့၏ဆောင်ပုဒ်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့၏ ရည်ရွယ်ချက်(၄)ရပ်နှင့် လူကုန်ကူးမှုများနှင့်ပတ်သက်ပြီး သတင်းပေးပို့နိုင်သည့် ဖုန်းနံပါတ်များပါဝင်သည့် အသိပညာပေးမြေစိုက်ပိုစတာများကို အမှတ်(၈)၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုမှ စိုက်ထူခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ဘားအံခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဘားအံခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)