ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၄ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ကျပ် (၇၅၃၅) သိန်း ထုတ်ချေးပေးပြီးဖြစ်

ငဖဲ ဩဂုတ် ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများထံ ၂၀၂၄ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ယနေ့အထိ  မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ကျပ် (၇၅၃၅ )သိန်း ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။

ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် တောင်သူများအား စိုက်ပျိုးစရိတ်အရင်းအနှီးရရှိစေရေးနှင့် သီးနှံများအချိန်မီစိုက်ပျိုးနိုင်ပြီး တောင်သူများလူမှုစီးပွားဘဝ အဆင်ပြေစေရန် ရည်ရွယ်၍ စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ်ထုတ်ချေးပေးလျက်ရှိကြောင်း၊ ယခင်နှစ်မိုးသီးနှံချေးငွေ အရင်း၊အတိုးပြေကျေစွာပေးဆပ်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ရှိသည့် တောင်သူများအား ထုတ်ချေးပေးလျက်ရှိကြောင်း ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မန်နေဂျာ ဒေါ်သန်းသန်းဆင့် က ပြောကြားသည်။

ငဖဲမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း မိုးသီးနှံများအဖြစ် စပါး (၅၄၈၀)ဧကနှင့်အခြားသီးနှံ (၅၇၈၀)ဧက စုစုပေါင်း စိုက်ဧက (၁၁၂၆၀) စိုက်ပျိုးနိုင်ရန်အတွက် ချေးငွေကျပ်သိန်းပေါင်း (၁၄၀၀၀) အား ထုတ်ချေးပေးရန် လျာထားပြီး ယနေ့အထိ စပါးသီးနှံစိုက်တစ်ဧကလျှင် ငွေကျပ်တစ်သိန်းငါးသောင်းနှုန်း၊ အခြားသီးနှံစိုက်တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ကျေးရွာအုပ်စု (၁၇) အုပ်စုမှ တောင်သူ (၁၄၆၄) ဦး၏ စပါးသီးနှံစိုက်ဧက (၂၉၄၈) ဧက၊ နှမ်း (၃၁၀၉) နှင့် ပဲတီစိမ်းသီးနှံစိုက် (၄) ဧက စုစုပေါင်း သီးနှံစိုက်ဧက (၆၀၆၁) ဧကတို့အတွက် စိုက်ပျိုးစရိတ်ချေးငွေကျပ် (၇၅၃၅)သိန်းကို ထုတ်ချေးပေးပြီး ဖြစ်ကြောင်းနှင့် ထုတ်ချေးပေးရန် ကျန်ရှိသည့် ကျေးရွာအုပ်စု (၆)အုပ်စုမှ တောင်သူများကိုလည်း သတ်မှတ်ကာလအတွင်း အပြီးထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

မယု(ငဖဲ)