မကွေး ဩဂုတ် ၂၈
အခြေခံရုံးလုပ်ငန်းများ အချိန်မီပြီးမြောက်နိုင်ရေးအတွက် ကွန်ပျူတာကျွမ်းကျင်မှုမရှိသေးသည့် ဝန်ထမ်းများအား ကျွမ်းကျင်မှုရှိစေရန် ရည်ရွယ်၍ E-Government ကွန်ပျူတာ အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မကွေးမြို့နယ်စုပေါင်းရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ကွန်ပျူတာပညာရပ်များကို လုပ်ငန်းခွင်မှာ လက်တွေ့အသုံးချနိုင်တဲ့အထိ ကြိုးစားသင်ယူကြစေလိုကြောင်း၊ ကွန်ပျူတာပညာရပ်တွေကို တတ်မြောက်ထားခြင်းဖြင့် နယ်ပယ်များစွာရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို သိသိသာသာ အထောက်အကူဖြစ်စေပြီး အလုပ်အများစုကို စွမ်းဆောင်ရည်တိုးမြင့်စွာ ပြီးမြောက်နိုင်ကြောင်း၊ ဒေတာ၊ သတင်းအချက်အလက်နှင့် multi-media ကို လွယ်ကူပြီး လက်လှမ်းမီသော နည်းလမ်းများဖြင့် ဖလှယ်နိုင်သည့်အပြင် ထိရောက်သော စီမံခန့်ခွဲမှုအတွက် မရှိမဖြစ်လိုအပ်သော ကိုယ်ရေးကိုယ်တာကိစ္စရပ်များ၊ လုပ်ငန်းများ၊ အများပြည်သူဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်သည့် အချက်အလက်များစွာကို သိမ်းဆည်ထားနိုင်မှာဖြစ်သည့်အပြင် အွန်လိုင်းပညာရေးနှင့် အွန်လိုင်းစီးပွားရေးတို့ကို ဖွင့်ပေးထားပြီး အကောင့်နှင့် စာရင်းကိုင်ခြင်းအပါအဝင် စီးပွားရေးနှင့် ဝန်ဆောင်မှုများ ပတ်သက်သည့်လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်တာကြောင့် ကွန်ပျူတာပညာရပ်ဟာ တက်မြောက်ထားသင့်သည့် ပညာရပ်တစ်ခုဖြစ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်ပေးတဲ့ e-Government အခြေခံရုံးလုပ်ငန်း ကွန်ပျူတာသင်တန်းကို တက်ရောက်ကြမယ့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်ကြားပို့ချမယ့် ကွန်ပျူတာပညာရပ်တွေနဲ့မိမိတို့ရဲ့ ရုံးလုပ်ငန်းတွေကို အချိန်မီပြီးစီးဖို့၊ တိကျမှန်ကန်ဖို့အပြင် ရုံးပိုင်းဆိုင်ရာ လျှို့ဝှက်သင့်သည့် ကိစ္စရပ်များအပေါ်တွင်လည်း သစ္စာရှိရှိ ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မကွေးကွန်ပျူတာက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမျိုးမင်းသန်းမှ သင်တန်းတွင် ပို့ချမည့် အစီအမံများအား ရှင်းလင်းတင်ပြပြီး သင်တန်းအတွက် သင်ထောက်ကူပစ္စည်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေးအပ်ရာ သင်တန်းသား(၂)ဦးက လက်ခံရယူခဲ့သည်။
အဆိုပါသင်တန်းကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများမှာရှိသည့် ဝန်ထမ်း (၆၀) ဦးအား သင်တန်းနည်းပြများက ကွန်ပျူတာဖြင့် အခြေခံရုံးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် Word ၊ Excel ၊ Power point Applicationများအပြင် Website များ အသုံးပြုပုံပြုနည်းနှင့် သတင်းအချက်အလက်များကို Website တွင် Upload ပြုလုပ်ခြင်းဆိုင်ရာများကို နံနက်ပိုင်းနှင့် မွန်းလွဲပိုင်း Section (၂) ခုခွဲ၍ နှစ်ပတ်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကို(ဖန်ခါးမြေ)