ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ) ပြင်ပလူနာနှင့်အရေးပေါ်ဌာန (၂)ထပ်တိုးချဲ့ဆောင်သစ် ဖွင့်လှစ်

ဘားအံ ဩဂုတ် ၂၈

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံမြို့)တွင် ကရင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူတည်ဆောက်သော ပြင်ပလူနာနှင့်အရေးပေါ်လူနာဌာန (၂)ထပ်တိုးချဲ့ဆောင်သစ်ဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီက အဆိုပါဆေးရုံကြီး တိုးချဲ့ဆောင်သစ်ရှေ့၌ ကျင်းပသည်။

ပြည်သူ့ဆေးရုံကြီး ပြင်ပလူနာနှင့်အရေးပေါ်လူနာဌာန (၂)ထပ်တိုးချဲ့ဆောင်သစ်တည်ဆောက်ခြင်းလုပ်ငန်းကို ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ (၁၁၄၀) သိန်းဖြင့် ဖလည်းကောင်း၊ တိုးချဲ့ပြင်ပလူနာဆောင်သစ်ရှေ့ ပင်မဂိတ်တံခါးတိုးချဲ့ခြင်းနှင့် ခြံစည်းရိုးပြုပြင်ခြင်းလုပ်ငန်းကို ခွင့်ပြုရန်ပုံငွေ(၉၈)သိန်းဖြင့်လည်းကောင်း  ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ  တည်ဆောက်ပြီးစီး၍ ယနေ့ဖွင့်လှစ်ခြင်းဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကျန်းမာရေးဆိုင်ရာကဏ္ဍများတွင် လိုအပ်သောကူညီပံ့ပိုးမှုများကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူအားလုံး၏ ကျန်းမာရေး၊ ကုသရေးကိစ္စရပ်များကို ယခင်ကထက်ပိုမိုပြီး ဝန်ဆောင်မှုနှင့်ကုသမှုပေးနိုင်တော့မည်ဖြစ်ကြောင်း ပြောကြားသည်။

ထိုနောက် ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာဘရန်အောင်က ပြင်ပလူနာနှင့် အရေးပေါ်လူနာဌာန (၂)ထပ်တိုးချဲ့ဆောင်သစ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျေးဇူးတင်စကားပြောကြားကာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူက အဆောက်အဦနှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို ဆေးရုံအုပ်ကြီးထံ လွှဲပြောင်းပေးအပ်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက အဆိုပါပြင်ပလူနာနှင့် အရေးပေါ်လူနာဌာန (၂)ထပ်တိုးချဲ့ဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူး၍ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ တက်ရောက်လာသူများနှင့်အတူ ပြင်ပလူနာနှင့်အရေးပေါ်လူနာဌာန (၂)ထပ်တိုးချဲ့ဆောင်သစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)သည် ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့ရန်ပုံ ငွေကျပ် ၁၆၄၀ သိန်းဖြင့် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်သူ့ဆေးရုံကြီးဆိုင်းဘုတ်တည်ဆောက်ခြင်းလုပ်ငန်း၊ သံဃာဆေးရုံ(၂)ထပ်ဆောင်းပြုပြင်မွမ်းမံခြင်းလုပ်ငန်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေး နှစ်တွင် ပြည်သူ့ဆေးရုံကြီး (၄)ခန်းတွဲ သန့်စင်ခန်းဆောက်လုပ်ခြင်းလုပ်ငန်း၊ တိုးချဲ့နားနေဆောင်ဆောက်လုပ်ခြင်းလုပ်ငန်း၊ သံဃာဆေးရုံ(၂)ထပ်ဆောင် မျက်နှာကျက်တပ်ဆင်ခြင်းလုပ်ငန်း၊ ခွဲစိတ်(၄)ထပ်ဆောင်ဘေး ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ တိုးချဲ့ပြင်ပလူနာဆောင်သစ်ရှေ့ ပင်မဂိတ်တံခါးတိုးချဲ့ခြင်းနှင့် ခြံစည်းရိုးပြုပြင်ခြင်းလုပ်ငန်း၊ ပြင်ပလူနာနှင့်အရေးပေါ်လူနာဌာန (၂)ထပ်တိုးချဲ့ဆောင်သစ်တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍမြှင့်တင်နိုင်ရေးအတွက် အသီးသီးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)