တောင်ငူ ဩဂုတ် ၂၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၌ စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက်ရောက်ရှိနေပြီး ယမန်နေ့ မွန်းလွဲပိုင်းတွင် မြေနိမ့်ပိုင်းများသို့ မြစ်ရေဝင်ရောက်လျက်ရှိသည်။
တောင်ငူမြို့၌ စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေအမှတ် (၆၀၀) အထက်ရောက်ရှိနေပြီး ယနေ့မွန်းလွဲ(၂)နာရီခွဲအချိန်တွင် စိုးရိမ်ရေအမှတ် (၆၃၆) ရှိကြောင်း ခရိုင်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
တောင်ငူမြို့၊ အမှတ် (၈)၊ (၉)၊ (၁၀) ရပ်ကွက်ရှိ မြေနိမ့်ပိုင်းများတွင် စစ်တောင်းမြစ်ရေဝင်ရောက်လျက်ရှိကာ ရေဘေးသင့်ပြည်သူများအား ကုန်းမြင့်ပိုင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ကယ်ဆယ်ရေစခန်းများ ဖွင့်လှစ်ထားလျက်ရှိကာ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)