တောင်ငူမြို့၌ လူငယ်စကားဝိုင်း ကျင်းပ

တောင်ငူ ဩဂုတ် ၂၈

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ နည်းပညာတက္ကသိုလ်(တောင်ငူ)တို့ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် “လူငယ်နှင့်ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀း၀၀ နာရီအချိန်တွင် နည်းပညာတက္ကသိုလ်(တောင်ငူ)အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်ကြူကြူဝင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး၊ ဦးတင်သိန်းနှင့်ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နည်းပညာတက္ကသိုလ်(တောင်ငူ)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဝင်းမွန်နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းသား၊ ကျောင်းသူ(၃၀၀)ဦး တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးဦးတင်သိန်းက အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်များအနေဖြင့် ယနေ့လူငယ်နောင်ဝယ်လူကြီး ဆိုသည့်အတိုင်း လူငယ်များကို မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံပြီး အတွေးအခေါ် မှန်ကန်ရင့်ကျက်တဲ့ အနာဂတ်ခေါင်းဆောင်ကောင်းများဖြစ်စေရန်၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်နိုင်ရန်၊ နိုင်ငံတော်အနေဖြင့် ပညာရေးအဆင့်မြှင့်တင်မှုကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူလူငယ်များသည် နိုင်ငံကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် လက်ဆင့်ကမ်းထမ်းဆောင်ရမည့် တာဝန်များရှိကြောင်း၊ ကျောင်းတွင်း စည်းကမ်းများ၊ ကျင့်ဝတ်များ လိုက်နာစောင့်ထိန်းရမည်သာမက ကျောင်းပြင်ပဖြစ်သည့် လုပ်ငန်းခွင်ဝင်ရောက်ချိန်များတွင်လည်း ဖြောင့်မတ်တည်ကြည်မှု၊ တာဝန်ယူတာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု၊ မျှတမှု၊ လေးစားမှု၊ အများအကျိုး ဆောင်ရွက်တတ်မှု၊ စည်းကမ်းလိုက်နာမှုစသည့် စံနှုန်းများကို လိုက်နာဆောင်ရွက်ခြင်းဖြင့် မိမိနိုင်ငံဂုဏ်ယူရသူများဖြစ်အောင် ကြိုးစားဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့ပါသည်။

အခမ်းအနားတွင် ကော်မရှင်အဖွဲ့ဝင်ဒေါ်ကြူကြူဝင်းက အမှာစကားပြောကြားရာ၌ လူငယ်များသည် အနာဂတ်နိုင်ငံတော်၏ ခေါင်းဆောင်များဖြစ်ပါကြောင်း၊ ကျင့်ဝတ်နှင့်ညီသည့် ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်လာရန်အတွက် ငယ်စဉ်ကတည်းက ဖြောင့်မတ်တည်ကြည်မှုကို အခြေပြုရန် လိုအပ်ကြောင်း၊ ယနေ့ခေတ်တွင် ခေါင်းဆောင်ကောင်း၏အဓိပ္ပာယ်ကို ဖွင့်ဆိုရာ၌ “ခေါင်းဆောင်ရာတွင်သာ တော်နေသူ မဟုတ်ဘဲ ကျင့်ဝတ်နှင့်လျော်ညီသည့်ရလဒ်များ ရရှိရန်အတွက်ထိထိ ရောက်ရောက် ဦးဆောင် ဦးရွက်ပြုနိုင်သူ” ဟု ဖွင့်ဆိုကြပါကြောင်း၊ ကျင့်ဝတ်နှင့် ခေါင်းဆောင်မှုသည် ချိတ်ဆက်လျက် ရှိနေပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူဘဝကတည်းက အဖွဲ့အစည်းနှင့် ဆောင်ရွက်ရသည့် ကိစ္စရပ်များတွင် ခေါင်းဆောင်အဖြစ်သော်လည်းကောင်း၊ နောက်လိုက် အဖြစ်သော်လည်းကောင်း ပါဝင်ဆောင်ရွက်နေကြရပြီဖြစ်သည့်အတွက် ကျင့်ဝတ်နှင့်အညီ ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါ ကြောင်း၊ လူငယ်များသည် ပြဿနာများကို ဖြေရှင်းရာတွင် တီထွင်ဖန်တီးနိုင်စွမ်း ရှိကြပါကြောင်း၊ လူငယ်များအနေဖြင့် ဆန်းသစ်သည့် အတွေးအခေါ်များနှင့် ခေတ်မီနည်းပညာအသစ်များကို ကောင်းမွန်စွာအသုံးချ၍ အဂတိလိုက်စားမှုပုံစံအမျိုးမျိုးကို ပိုမိုထိရောက်စွာ တိုက်ဖျက်သွားနိုင်လိမ့်မည်ဟုယုံကြည်ပါကြောင်း၊ အဂတိလိုက်စားမှုကိုတွန်းလှန်တိုက်ဖျက်ရာ၌ ဖြောင့်မတ်တည်ကြည်မှုကို အခြေခံသော Integrity Pact များ ဖြစ်ပေါ်လာစေရန် နိုင်ငံသားတိုင်းက ကျင့်ဝတ်များကို ကိုယ်စီစောင့်ထိန်းလိုက်နာကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ “လူငယ်နှင့်ကျင့်ဝတ်စံနှုန်းများ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကိုကျင်းပရာ နည်းပညာတက္ကသိုလ်(တောင်ငူ)၊ မြန်မာစာဌာနမှ ကထိကဒေါ်ဖြိုးသီရိခိုင်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး မြို့ပြအင်ဂျင်နီယာပထမနှစ် ကျောင်းသားမောင်ရန်နိုင်ထွန်းက “ကျင့်ဝတ်ဆိုသည်မှာ” ၊ သုတနည်းပညာပထမနှစ်ကျောင်းသား မနန်းနန်းရွှေက “ကျင့်ဝတ်အခန်းကဏ္ဍအရေးပါပုံ” ၊ စက်မှုအင်ဂျင်နီယာပထမနှစ်ကျောင်းသား မောင်ရဲမာန်စိုးထက်က “ကျင့်ဝတ်စံနှုန်းများကို မြှင့်တင်ခြင်း”၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာပထမနှစ်ကျောင်းသူ မသီရိပန်းအိမ်က “ကျင့်ဝတ်နှင့် လူအသိုက်အဝန်း” ခေါင်စဥ်များဖြင့် အသီးသီးဆွေးနွေးကြသည်။ ထို့နောက် လူငယ်စကားဝိုင်းသို့ တက်ရောက်ကြသည့် သင်တန်းသား သင်တန်းသူများက ၎င်းတို့သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဆွေးနွေးသူများအဖြစ် ပါဝင်ဆောင်ရွက်ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများက ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး၊ ဦးတင်သိန်းက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်ကြူကြူဝင်းက အမှတ်တရ လက်ဆောင်များပေးအပ်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင် (ပြန်/ဆက်)